Friday 18 May 2012

 စမ်းချောင်းမြို့နယ်အတွင်းရှိ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိ ရှမ်းလမ်းဈေး(ဂွဈေး)မီးလောင်မှုဖြစ်ပွား


shanlanmarket
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းရှိ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိသော ရှမ်းလမ်းဈေး(ဂွဈေး)တွင် မေလ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုမှာ ဈေး၏ 'ဃ' ရုံ အတွင်းရှိ Insect Killers ရောင်းချသည့်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့သည်ဟု ကနဦးရရှိသော သတင်းများအရ သိရပြီး ဆိုင်ခန်းပေါင်း ၃၁၈ ခန်းရှိသည့်အနက် ဆိုင်ခန်းပေါင်း ၈၀ ကျော်သာ မီးလောင်မှု လွတ်ကင်းခဲ့ရကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်ယာဉ် ၃၅ စီးခန့်လာရောက် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

''မီးက ၁ နာရီ ၁၀ မိနစ်လောက်မှာ စလောင်တာ၊ မီးလောင်တာကို ကျွန်တော်တို့ သိလိုက်တယ်။ အဲဒါနဲ့ အိမ်က သမီးတွေ၊ မြေးမလေးတွေရဲ့ မှတ်ပုံတင်၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ပိုက်ဆံတွေယူပြီး ဒီဘက်ကို မီးကူးလာရင် ပြေးဖို့ လုပ်ထားတာ။ အခုတော့ ကျွန်တော်တို့ဘက်ကို မီးမကူးလာလို့ တော်သေးတာပေါ့။ သားငါးတန်းတစ်ခုပဲ မီးမလောင်ဘဲ ကျန်ခဲ့တာကို တွေ့ရတယ်။ လောင်သွားတဲ့ ဆိုင်တွေကလည်း အကုန်လုံးပါသွားတာ။ ဘာမှကို ပြန်မရဘူး''ဟု ရှမ်းလမ်းဈေးအနီး ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။ ရှမ်းလမ်းဈေးသည် (၁၉၅၈) ခုနှစ်တွင် ဆောက်လုပ်ခဲ့သော 'ခ' အဆင့် သတ်မှတ်ချက်ရှိသည့် ဈေးတစ်ခုဖြစ်ပြီး ဆိုင်ခန်းပေါင်း ၃၁၈ ခန်းရှိပြီး မြေစိုက်သစ်သားဈေးဖြစ်ကြောင်း သိရှိရသည်။  ဈေးအား အဆင့်မြင့် ဈေးအဖြစ် ပြန်လည်ဆောက်လုပ်ရန် ဈေးဆိုင်ခန်းပိုင်ရှင်များနှင့်  ညှိနှိုင်းခဲ့သော်လည်း ဆိုင်ခန်းပိုင်ရှင်များမှ ဆန္ဒမရှိသဖြင့် ဆက်မလုပ်ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes