Friday 26 August 2011

နိုင်ငံရေး အကျဉ်းသားများအား လွှတ်မပေးနိုင်သေး

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်ကျမှသာ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

News_No_Political_prisoner_26__Aug_2011
ယခုအစိုးရသည် သဘောထားပျော့ပြောင်းကြောင်း၊ နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးအရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးအား မည်သည့်အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့် အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများအား ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း မစ္စတာကင်တားနား၏ တောင်းဆိုချက်ကို ဦးခင်အောင်မြင့်က ဖြေကြားသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

မစ္စတာကင်တားနားသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအ၀င် မိမိနှင့် အာဆီယံနိုင်ငံများက အကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမှုကို ရုပ်သိမ်းပြီးနောက် နိုင်ငံအတွက် အကျိုးရှိစေမည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေသည့် နည်းတူ တခြားသူများအား လွှတ်ပေးခြင်းဖြင့် အလားတူ အကျိုးသက်ရောက်မှု ရှိမည်ဟု ယုံကြည်ကြောင်း မစ္စတာကင်တာနားပြောဆိုသည်ဟု ရေးသားထားသည်။

ထို့အပြင် အင်းစိန်ထောင်သို့ သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသား ကိုညီညီထွန်း၊ ကိုဖြိုးဝေအောင် အပါအ၀င် အကျဉ်းသားနှင့် အချုပ်သား ၆ ဦး၊ အကျဉ်းသူ ၁ ဦးတို့ကိုလည်း တွေ့ဆုံခဲ့သည်။

မစ္စတာကင်တားနားသည် ယမန်နေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ပြီး မထွက်ခွာမီ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစိုးရအား ယခုထက်ပိုမို လုပ်ဆောင်ရန် တိုက်တွန်း ထားသည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် မြန်မာနိုင်ငံ၌ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးနေစဉ် အတောအတွင်း ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ်၏ တချို့ အစိတ်အပိုင်းများအား မီးရှို့ကာ နှိပ်စက်ညှဉ်းပမ်းခြင်း၊ နာမကျန်း ဖြစ်နေစဉ် ဆေးဝါးကုသမှု လုံလောက်စွာမပေးခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ အိပ်စက်ခြင်းခွင့် မပေးခြင်းများရှိကြောင်း၊ ထို့အပြင် အကျဉ်းသားများကို စစ်တပ်၏ ပေါ်တာအဖြစ် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများလည်း ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် စိုးရိမ်သည်ဟု ဖော်ပြထားသည်။

မစ္စတာ ကင်တားနားသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ် ဇော်ဝင်းတို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သေးသည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တွေဆုံစဉ် မစ္စတာကင်တာနားက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ များကိစ္စကိုပြောဆိုရာ၌ ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိဘဲ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် ကျခံရသူများသာ ရှိကြောင်း ပြန်လည်ပြောဆိုသည် ဟု သတင်းစာတွင် ရေးသားထားသည်။

ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် အကျဉ်းသား ဆိုသူများတွင် မူးယစ် ဆေးဝါးမှု၊ လူသတ်မှု၊ ဗုံးဖောက်ခွဲမှု၊ သောင်းကျန်းသူများ၊ တခြားပြစ်မှုများနှင့် အကျဉ်းကျသူများ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ပေါက်ပြီးနောက် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခါအားလျော်စွာ လွတ်ငြိမ်း ချမ်းသာခွင့်ကို ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း မစ္စတာကင်တာနားက ပြောဆိုသည်ဟုလည်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ တခြားသော နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် လည်း တွေ့ဆုံခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “နိုင်ငံ ရေး အကျဉ်းသားမရှိဘူး ဆိုတဲ့စကားက နိုင်ငံတကာက လူတွေနဲ့တွေ့ရင် သူတို့ အမြဲတမ်းသုံးတဲ့ စကားပါ။ ဒါက ဘာကို ပြသလဲဆိုတော့ လက်ရှိပကတိ အခြေအနေကို လက်မခံနိုင်ဘူး ဆိုတာပြတယ်” ဟု မှတ်ချပေး ပြောဆိုသည်။

Source: ဧရာဝတီ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes