Wednesday 24 August 2011

ဒေါ်လာဈေး ကျပ် ၆၈၀ အထိ ထိုးဆင်းကာ လုပ်ငန်းများ ကာလတို ရပ်ဆိုင်းမည့်ဘက်သို့ ဦးတည်နေ

b42101


ဒေါ်လာဈေး ကျပ် ၆၈၀ အထိ ထိုးဆင်းကာ လုပ်ငန်းများ ကာလတို ရပ်ဆိုင်းမည့်ဘက်သို့ ဦးတည်နေ ဘဏ်တိုးနှုန်းလျော့ချခြင်း၊ ဗဟိုဘဏ်မှ ကျားကန်ခြင်းနှင့် ဒေါ်လာဖြုန်းအားရှိမည့် ကားကဲ့သို့သော ကန့်သတ်ကုန်စည်များ ခွင့်ပြုပေးခြင်းကဲ့သို့ ချက်ချင်း တန်ပြန် သက်ရောက်မည့် နည်းလမ်းများဖြင့် ယာယီ ထောက်ကန်ပေးရန် မဖြစ်မနေလိုဟု လုပ်ငန်းရှင်များ ပြောကြား   (Eleven Media Group)
အမေရိကန်ဒေါ်လာဈေးမှာ နှစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၃၀ ကျပ် ထပ်မံ ကျဆင်းသွားပြီး ကျပ် ၇၀၀ အောက်သို့ ရောက်ရှိသည် အထိ ဆက်လက် ထိုးဆင်းနေကြောင်း သိရသည်။

သြဂုတ်လ ၂၃ ရက်နေ့က အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်းမှာ ကျပ် ၆၈၀ အထိ ကျဆင်းခဲ့ပြီးနောက် ပြည်ပပို့ကုန် လုပ်ငန်းများ အကြား ဒေါ်လာဈေးဂယက် ထပ်မံ ရိုက်ခတ်ခဲ့ကြောင်း၊ ပြည်ပနိုင်ငံမှ မှာယူလာသည့် အမှာစာ အသစ်များအား လုံးဝ လက်မခံရဲတော့ခြင်း၊ ပြည်တွင်း၌ ကုန်ကြမ်းဝယ်ယူခြင်းအား အခိုက်အတန့် ရပ်နားခြင်းများ ပြုလုပ်လာခဲ့သည်အထိ ဂယက် ကြီးထွားခဲ့ကြောင်း သိရသည်။
ဒေါ်လာ ငွေလဲနှုန်းမှာ သုံးလ အတွင်း ၂၅ ရာခိုင်နှုန်း ကျဆင်းပြီး နှစ်ပတ် အတွင်း ၁၅ ရာခိုင်နှုန်း ထိုးဆင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
တစ်ရက်ထက်တစ်ရက် ပို၍ ဆိုးသည့်ဘက်သို့ ဦးတည်လာမှုအား ဖြေရှင်းရန် အတွက် နိုင်ငံတော်မှ ငွေလဲနှုန်း သတ်မှတ်ရန် စီစဉ်နေသည် ဆိုသော်လည်း အဆိုပါ အစီအစဉ်မှာ အချိန်ယူရမည် ဖြစ်ကြောင်း၊ လက်ရှိ
ဒေါ်လာဈေးဂယက်မှာမူ ထိုသို့ ပြုပြင်ပြောင်းလဲ ပြီးစီးသည့် အချိန်အထိ စောင့်ဆိုင်း၍ မရသည့် အခြေအနေ ရှိနေပြီး ချက်ခြင်းကုစားပေးခြင်း ပြုလုပ်ရဖွယ် ရှိကြောင်း သုံးသပ်လာကြသည်။
အထူးသဖြင့် ဗဟိုဘဏ်မှ ဈေးနှုန်းတစ်ခုဖြင့် ထိန်း၍ ၀င်ရောက် ၀ယ်ယူခြင်း၊ ဘဏ်တိုးနှုန်းများ လျော့ချခြင်း သို့တည်းမဟုတ် ဒေါ်လာဖြုန်းအားကောင်းမည့် ကန့်သတ်ထားသော ကုန်စည်များအား တင်သွင်းခွင့် ပြုခြင်းများဖြင့် ထိန်းသိမ်းရန် လိုအပ်နေပြီး လိုအပ်ပါက နည်းလမ်း အားလုံးသုံးမှသာ ထိရောက်မည် ဖြစ်ကြောင်း သုံးသပ်ကြခြင်း ဖြစ်သည်။
''တစ်ဒေါ်လာကို ကျပ် ၇၀၀ အောက်တောင် ရောက်သွားပြီ။ ပို့ကုန်လုပ်ငန်းရှင်တွေ အမှာစာအသစ် လုံးဝ လက်မခံတော့ဘူး။ ပို့ကုန်သမားကလည်း ကုန်ကြမ်းဝယ်ယူမှုကို လျော့ချတော့မယ်။ တချို့ လျော့ချနေပြီ။ မြန်မာနိုင်ငံရဲ့ Financial Policy၊ Monetary Policy ကို ပြင်ဆင်ဖို့က အနည်းဆုံး အချိန်သုံးလကနေ ခြောက်လအထိလောက် ယူရဦးမယ်။ ဒါတောင် အနည်းဆုံး အချိန်ကိုပြောတာ။ အခု ငွေဈေးကျဆင်းမှုက နောက်ထပ် တစ်လလောက်ပဲ၊ ဒီနှုန်းနဲ့ ဆက်ကျနေရင် ဘယ်လိုမှ မရပ်တည်နိုင်တော့ဘူး။ ဒီတော့ ချက်ခြင်းတုန့်ပြန်မယ့် နည်းလမ်း၊ ကာလတိုအတွက် ချက်ချင်း အဖြေရမယ့် နည်းလမ်းတွေ လတ်တလော သုံးပေးထားဖို့ လိုတယ်လို့ မြင်ပါတယ်။ ပညာရှင်တချို့နဲ့ လုပ်ငန်းရှင်တွေ သုံးသပ်ထားတာကတော့ ဈေးကွက်က ချက်ချင်းတုံ့ပြန်ပေးမယ့် နည်းလမ်းက ဗဟိုဘဏ်က ကျားကန်ပြီး ဈေးတစ်ခုနဲ့ ၀င်ထိန်းတာ တစ်ချက်၊ နောက်တစ်ချက်က ဒေါ်လာ Demand ဖြစ်အောင် လုပ်ပေးဖို့ပါ။
ဒေါ်လာ Demand တက်လာအောင် ဆိုရင်တော့ ချက်ခြင်း ဖြစ်နိုင်တာက ကားလိုမျိုး ကန့်သတ်ကုန်ကို တင်သွင်းခွင့်ပြုတာမျိုးပါပဲ''ဟု အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက
ထောက်ပြခဲ့သည်။
''ဒေါ်လာဈေးကျလို့ ကဏန်းပျော့ မွေးမြူတဲ့ လုပ်ငန်းရှင်တစ်ဦးဆိုရင် အရင်က အကောင်ရေ ၁၂ သိန်း မွေးတယ်၊ အခု အကောင်ရေ ၆ သိန်းပဲ မွေးတယ်။ အလုပ်သမားဦးရေ အရင် က ၆၀၀ ရှိတယ်။ အခု ၄၀၀၊ ၄၅၀ ဦးပဲ
ထားတော့တယ်။ ဒီရက်ပိုင်းထပ်ပြီး ငွေဈေးထိုးဆင်းလို့ အကောင်ရေ ၄ သိန်းလောက်ပဲ မွေးတော့မယ်လို့ ပြောတယ်။ ဒါက ငွေဈေးကျခြင်းရဲ့ နောက်ဆက်တွဲပါ'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
''သြဂုတ်လ ၁၉ ရက်နေ့က တစ်ဒေါ်လာကို ၇၂၅-၇၃၀ ကျပ် သြဂုတ်လ ၂၂ ရက်နေ့မှာ တစ်ဒေါ်လာကို ၆၈၅ ကျပ်ပဲ ရှိတော့တယ်။ ကျွန်တော် အခု အမှာစာအသစ် လက်မခံတော့ဘူး၊ ရှိပြီးသား အမှာစာ အတွက်ပဲ
လက်စသတ်ပြီးပို့မှာ။ နောက်ထပ် နှစ်ပတ်ကနေ တစ်လအတွင်း ဒီဈေးမှာပဲ ရှိနေတယ် ဆိုရင်တော့ စက်ရုံ လည်ပတ်မှုကို လျော့ချရတော့မှာပါ''ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန် အတွင်းရှိ ပြည်ပပို့ကုန် စက်ရုံ လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
''ပို့ကုန်လုပ်ငန်းရှင် ဆိုတာက ရှုံးရင် ကိုက်အောင် လုပ်ကြည့်မယ်၊ မကိုက်ရင် လုပ်တာကို ခဏ ရပ်ထားမယ်။ ပို့ကုန်လုပ်ငန်းရှင် မကိုက်လို့ ရပ်ထားတဲ့အတွက် အခု ကျွန်တော်တို့ ငါးမွေးသမားတွေကို တိုက်ရိုက် ထိကုန်ပြီ။
သူများဆီက ငွေယူပြီး မွေးထားတာတွေ အတွက် ငွေပြန်မပေးနိုင်လို့ ကတိပျက်တဲ့ ပြဿနာတွေ ရှိလာပြီ။ ကဏန်းပျော့ မွေးတဲ့သူတွေလည်း အလုပ်သမား လျော့ချတယ်၊ မွေးတဲ့အရေအတွက် လျော့ချကုန်ကြပြီ။ ဒါက အခုလက်ရှိ ငွေဈေး ကာလရှည်ကျလို့ ဖြစ်တဲ့ ဂယက်ပါ။ ပို့ကုန်လုပ်ငန်းရှင် ထိသလို ဒေါ်လာဈေးဂယက်က အခြေခံ မွေးမြူ ထုတ်လုပ်သူတွေကိုပါ ထိနေပြီ''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
''ဒီနေ့ သြဂုတ်လ ၂၂ ရက်နေ့မှာ ငွေဈေးနဲ့ ပတ်သက်လို့ အသင်းအဖွဲ့ တချို့ကတော့ စာတမ်းတွေ ချက်ချင်းတင်တာတွေ လုပ်နေပါတယ်။ သူတို့ အဓိက တင်ပြတဲ့ အချက်ကတော့ အချိန်ယူ ပြင်ဆင်ရမယ့် ငွေကြေးဆိုင်ရာ မူဝါဒကို တစ်ဖက်က ပြင်ဆင်ပေးဖို့ စီစဉ်တာလည်း လိုအပ်သလို ချက်ချင်း ဈေးကွက်မှာ အကျိုးသက်ရောက်မယ့် ကူညီမှုမျိုးလည်း လိုအပ်ဆိုတဲ့အချက်ပါ''ဟု စက်မှုဆိုင်ရာ အသင်းအဖွဲ့တွင် ပါဝင် ဆောင်ရွက်နေသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။
''အခု ဒေါ်လာဈေးကျဆင်းမှုက ဗဟိုဘဏ် ကျားကန်မှုရော ဒေါ်လာ Demand ဖြစ်ဖို့ ဖွင့်ပေးတာရော နှစ်မျိုးစလုံးလုပ်မှ ထိရောက်မယ်လို့ ထင်ပါတယ်။ ကားက အစီးရေများလို့ လမ်းကြပ်မှာစိုးရင်လည်း ပြည်တွင်းက Without ကားတွေကို ဒေါ်လာနဲ့ပဲ ဒဏ်ရိုက်ပြီး အခွန်အဖြစ် ပေးသွင်းခိုင်းရင်လည်း ဒေါ်လာ ၀ယ်လိုအား တက်လာမှာပဲ။ ကားအသစ် တင်သွင်းခွင့်ကိုလည်း ပေးကိုပေးသင့်တယ်။ ဒါက အခုအခြေအနေနဲ့ဆိုရင် ဒေါ်လာဈေးကိုလည်း ထိန်းပြီးသား ဖြစ်သွားသလို အများပြည်သူအတွက် သယ်ယူပို့ဆောင်စရိတ် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာတွေလည်း လျော့ချပြီး ဖြစ်မှာလေ''ဟု နေပြည်တော်တွင် ကျင်းပခဲ့သည့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းရှင်များနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့သည့် စီးပွားဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''IMG က အောက်တိုဘာလမှာ လာရောက်မယ်။ အနည်းဆုံး ခြောက်လလောက် မြန်မာ့ငွေကြေး မူဝါဒပြောင်းလဲဖို့ ကြာမယ်။ ပြင်ပ ဈေးကွက်မှာက ချက်ချင်းကြီးကို သက်ရောက်နေပြီ ဆိုတော့ ကာလတို အနေနဲ့ ၀င်ထိန်းမှ ဖြစ်မယ့် အနေအထားပါ။ ဗဟိုဘဏ်က ၀ယ်ယူပေးမလား၊ ဒါမှမဟုတ် ဒေါ်လာဖြုန်းအားရှိအောင် ပြင်ဆင်မလား ဆိုတာပဲ ရှိတော့တယ်။ ချက်ချင်း ၀င်ထိန်းပေးမယ့်အချက် လိုပါပြီ။ တစ်ဒေါ်လာ ကျပ် ၆၉၀ အလုပ်လုပ်လို့ရတယ် မရဘူးဆိုတာ အပြင် ဈေးကွက်က သက်သေပါပဲ။ ကားလို ကန့်သတ်ကုန်လည်းဖြစ် ပြည်သူလည်း အကျိုးရှိမယ့် ပစ္စည်းမျိုးတွေကို တင်သွင်းခွင့် ပေးသင့်တယ်လို့ သုံးသပ်တဲ့ သုံးသပ်ချက်ကလည်း ထိရောက်မှု ရှိမှာပါ''ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုတွင် အကြံပေး အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ တစ်ဦးကလည်း ရှင်းပြခဲ့သည်။
ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်းက ''ကမ္ဘာ့ဈေးကွက်မှာလည်း ဒေါ်လာဈေး ကျနေတယ်။ ဒီမှာလည်း ကျနေတယ်။ ဈေးကွက်မှာ ဒေါ်လာ ၀ယ်လိုအားထက် ရောင်းလိုအား များနေတယ်။ ကျပ်ငွေဈေးနှုန်း မြင့်လာတယ်။
ကျပ်ငွေရှားနေတဲ့သဘော ဖြစ် နေတယ်။ အမေရိကန် ဒေါ်လာတင် ဈေးကျတာ မဟုတ်ဘူး။ တခြား မြန်မာနဲ့ ပတ်သက်မှုများတဲ့ ဘတ်ငွေ၊ ယွမ်ငွေ၊ စင်ကာပူဒေါ်လာ၊ မလေးရှားရင်းဂစ်လိုမျိုး ငွေကြေးတွေပါ ဈေးနှုန်း
ကျဆင်းနေတယ်။ သက်ရောက်မှု အနေနဲ့ ပို့ကုန်သမားတွေ၊ ဆက်စပ် ကုန်ထုတ် လုပ်ငန်းတွေနဲ့ နိုင်ငံခြားငွေနဲ့ ၀င်ငွေ ရသူတွေ ထိခိုက်တယ်၊ စီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးသက်ရောက်တယ်။ ငွေလဲနှုန်းနဲ့ ပတ်သက်ပြီး ပြောသံအမျိုးမျိုး ကြားနေရတယ်။ ဒီလို ပြောသံတွေက ဈေးကွက်ကို သက်ရောက်တယ်နဲ့တူတယ်။ အခြေအနေက အပြောင်းအလဲကာလကို ဖြတ်သန်းနေရတာပါ။ စောင့်ကြည့်ရဦးမယ့် အနေအထား ဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ ဒီလို ငွေကြေး အကျပ်အတည်းကြုံရင် ၀င်ပြီး ထိန်းပေးတာမျိုး ရှိတယ်။ ကောင်းအောင် ထိန်းတာပါ။ ကောင်းဖို့အတွက် ဆိုရင်တော့ အစိုးရအနေနဲ့ ၀င်ထိန်းသင့် ထိန်းရတော့မယ်''ဟု ထင်မြင်ချက် ပေးပါသည်။
''အခု အခြေအနေက စီးပွားရေး အကျပ်အတည်း ဖြစ်နေတဲ့ အနေအထား ဖြစ်နေတယ်။ အစိုးရကလည်း တတ်နိုင်သလောက် လုပ်နေတယ်လို့ ယူဆပါတယ်။ အခု ဘာဖြစ်နေတယ် ဘယ်လိုဖြစ်နေတယ် ဆိုတာကတော့
ဈေးကွက်ရော၊ လုပ်ငန်းရှင်ရော၊ မူဝါဒ ချမှတ်သူတွေပါ ခန့်မှန်းရ ခက်နေတဲ့ အနေအထား တွေ့ရတယ်။ ဘယ်ကစပြီး လုပ်ရမယ်ဆိုတာ မသိတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒေါ်လာဈေး ပြဿနာကလည်း နိုင်ငံအတော်များများ ဖြစ်နေတာ၊ ပြင်ပရော အတွင်းမှာပါ ဒီပြဿနာက ရှိနေတယ်။ အစိုးရက အရောင်းအ၀ယ်လုပ်ပြီး ထိန်းဖို့ လုပ်ငန်းရှင်တွေဘက်က ပြောလာတာရှိတယ်။ အစိုးရက ၀ယ်ပေးတယ် ဆိုရင် နိုင်ငံခြား အရန်ငွေ အစိုးရမှာ တိုးလာမယ်။
နောက်ဈေးအရမ်းတက်လာရင် ဒီအရန်ငွေတွေ ဈေးကွက်ထဲဖြန့်ပြီး ဈေးလျော့အောင် ပြန်လုပ်လို့ ရနိုင်သေးတယ်။ ထိန်းဝယ်ပေးဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိမှာပါ။ အစိုးရအနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားပေမယ့် တိတိကျကျ အဖြေမထွက်သေးဘူး။ လောလောဆယ် ဒီလောက်ထိ ငွေဈေး ကျတာ ကောလာဟလကြောင့်လည်း ပါတယ်။ ပို့ကုန်သမားတွေ ရပ်တည်လို့ရတဲ့ အနေအထားတစ်ရပ်မှာတော့ ရှိသင့်တယ်''ဟု ပါမောက္ခဒေါ်ရီရီမြင့် က သုံးသပ်ခဲ့သည်။
နိုင်ငံခြားငွေလဲနှုန်းနှင့် ပတ်သက်၍ ''ကုန်သွယ်မှုကို အားပေးမယ် ဆိုရင် တည်ငြိမ်တဲ့ ငွေလဲနှုန်းရှိဖို့ လိုပါတယ်။ အပြောင်းအလဲ အရမ်းများတဲ့၊ လှုပ်ခတ်လွယ်တဲ့ ငွေဈေးနှုန်းနဲ့ အလုပ်မဖြစ်ပါဘူး။ အခု အစိုးရ တရားဝင်
သတ်မှတ်တဲ့နှုန်း၊ ပို့ကုန်ရငွေနှုန်း၊ ပြင်ပနှုန်း စသဖြင့် အမျိုးမျိုး ရှိနေတယ်။ အရင်အစိုးရ တချို့လည်း နိုင်ငံခြားငွေကြေးကို အသေ သတ်မှတ်ပါတယ်။ ဒါပေမယ့် ဈေးကွက်တန်ဖိုးနဲ့ သိပ်မကွာဘူး၊ တည်ငြိမ်ပါတယ်။ ဥပမာ
ပါလီမန်ခေတ်က တန်ဖိုး သတ်မှတ်တယ်။ ဒါပေမယ့် နိုင်ငံခြားငွေ လိုအပ်မှုနဲ့ ရရှိမှု မကွာအောင် သူလည်း မနည်း ထိန်းရတယ်။ ကွာသွားရင် အပြင်ပေါက်ဈေးတစ်ခု ပေါ်လာမှာ ဖြစ်ပြီး တည်ငြိမ်မှာ မဟုတ်ဘူး။
ဆိုရှယ်လစ်ခေတ်ကလည်း တန်ဖိုး သတ်မှတ်ပါတယ်။ သတ်မှတ်နှုန်းနဲ့ ပြင်ပဈေးကွက် ကွာသွားတာကြောင့် မှောင်ခိုစီးပွားရေး ဖြစ်သွားတယ်။ ဆိုလိုတာက သတ်မှတ်နှုန်းက ပြင်ပ ဈေးကွက်နဲ့ ပမာဏ များများဟနေရင်
ငွေကြေးဈေးကွက်နဲ့ စီးဆင်းမှု ပုံမှန် မဖြစ်နိုင်ပါဘူး။ ဒီဈေးနဲ့ဆိုရင်လည်း စီးပွားရေးလုပ်ရတာ လုပ်ရကိုင်ရတာ ခက်ကုန်မယ်။ လတ်တလောမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ အတွက် လုပ်ရကိုင်ရတာကျပ်တဲ့ အချိန်တွေကို ဖြတ်သန်းရနိုင်ပါတယ်''ဟု ပါမောက္ခ ဒေါ်လှမြင့်က ရှင်းပြခဲ့သည်။
ဘဏ်တိုးနှုန်း လျော့ချကာ ဈေးကွက်အတွင်း ကျပ်ငွေစီးဆင်းလည်ပတ်မှု များပြားစေရန် လုပ်ဆောင်ပေးမှုသည်လည်း ယခုကဲ့သို့ ကာလရှည် ငွေမာဈေး ကျဆင်းမှုအပေါ် ကောင်းမွန်သည့် သက်ရောက်မှု ဖြစ်လာမည်ဟုလည်း စီးပွားရေးပညာရှင် တစ်ဦးက ထောက်ပြခဲ့သည်။
''အခု ကျပ်ငွေဈေးနှုန်းက မြင့်နေတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ၊ သွင်းအားစု ဈေးနှုန်းတွေကလည်း လျော့လို့ မရသေးဘူး။ ငွေတိုးနှုန်းကလည်း တစ်နှစ်ကို ၁၇ ရာခိုင်နှုန်း ရှိနေတယ်။ အရင်က ငွေဖောင်းပွနှုန်း
တစ်ခုတည်းနဲ့တင် ငွေချေးယူဖို့ တွက်ခြေကိုက်တယ်လို့ ဆိုလို့ရတယ်။ အခုငွေက ကျုံ့လာတယ်။ ကျပ်ငွေတန်ဖိုး မြင့်နေတယ်။ ငွေကြေးလည်ပတ်မှုက ပုံမှန် မဟုတ်ဘူး။ လုပ်ငန်းရှင် တချို့တလေလောက်ကလွဲပြီး တခြား
လုပ်ငန်းရှင်တွေက ငွေကို မနည်းလည်ပတ်အောင် လုပ်နေရတဲ့ အခြေအနေမျိုးပါ။ ကျပ်ငွေတန်ဖိုး မြင့်တက်မှုက စီးပွားရေး အခြေအနေ တစ်ရပ်လုံးကို ရိုက်ခတ်မှု ရှိနေတယ်။ ကိုယ့်ရဲ့ငွေကြေးလည်ပတ်မှု အဆင်ပြေအောင်
လုပ်ဖို့ကလည်း လက်ရှိ အနေအထားအရ တွက်ခြေ မကိုက်နိုင်ဘူး။ တွက်ဆရတာလည်း အခက်အခဲ ရှိပါတယ်။ ကျပ်ငွေတွေ ဈေးကွက်ထဲ စီးဝင်လာအောင် လုပ်မှပဲ အခြေအနေ တိုးတက်လာမှာပါ'' ဟု စီးပွားရေးပညာရှင် တစ်ဦးက ရှင်းပြခဲ့ပါသည်။
''မြန်မာငွေဈေး တကယ်မာပြီး မြန်မာငွေ တကယ် အသုံးခံလာတဲ့ပုံမျိုး မဟုတ်ပါဘူး။ ကမ္ဘာ့ရွှေဈေးက တစ်ဟုန်ထိုး တက်သွားတယ်။ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးကို မလိုက်နိုင်ဘူး။ ဒီတော့ မြန်မာ့ရွှေကို အပြင်က ဆွဲတယ်။ ကမ္ဘာ့ ရွှေအ၀ယ် အများဆုံးက တရုတ်ပြီးတော့ အိန္ဒိယ၊ ဒါကြောင့် ရွှေဈေးခုန်ခုန်တက်တိုင်း မြန်မာငွေ မာလာတာပါ။ တကယ်လို့ မြန်မာ့ရွှေဈေး မြင့်လာရင် ဒီလောက် ငွေမမာနိုင်ပါဘူး။ ဒီအတွက် သိပ်စိတ်ပူပြီး ပြာမသွားပါနဲ့။ မြန်မာ့နိုင်ငံရေး အလားအလာ ကောင်းနေတယ်။ ဒီအတွက် စီးပွားရေး အလားအလာကောင်း ဖြစ်လာမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပြီးတာနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စနစ်ကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေးမူဝါဒနဲ့ ပတ်သက်တဲ့ ပြုပြင်မှုတွေ လာတော့မှာပါ။ ပွင့်လင်းရာသီ ရောက်ရင် မြန်မာနိုင်ငံမှာ စီးပွားရေးကောင်းတတ်တာ အစဉ်အလာပါ။ အဲဒီသီးနှံပေါ်တဲ့အချိန်ကျရင် ငွေကြေး ကမောက်ကမ ဖြစ်တာတွေ ရပ်ပြီး ငွေလဲလှယ်နှုန်း အဆင်ပြန်ပြေသွားမှာ။ ဒီတော့ လယ်သမားတွေလည်း သိပ်မထိ နိုင်ပါဘူး။ အခု လောလောဆယ်အထိ နာတဲ့ လုပ်ငန်းတွေကို အစိုးရ အကူအညီပေးဖို့တော့ လိုပါတယ်။ ဘဏ်တိုးနှုန်း ၃-၄ ရာခိုင်နှုန်းလောက် ချက်ချင်းချပြီး ချေးငွေတွေ အမြန်ဆုံး ချပေးကြည့်ပါ။ ဘဏ်ထဲမှာ အောင်းနေတဲ့ငွေတွေ ထွက်လာမယ်။ ဒေါ်လာ ပြန်မာလာမယ်။ ငွေကြေး ကမောက်ကမ ဖြစ်တာတွေ ရပ်သွားလိမ့်မယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က သုံးသပ် ပြောကြားခဲ့ပါသည်။





kokodollarprice

1 comments:

Anonymous said...

eleven news online journal မှကူးယူသည်ဆိုတာလေးဖော်ပြပေးပါ။ credit ပေးပါ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes