Tuesday 23 August 2011

ရေလုပ်ငန်းဌာနများ ထိုင်းနိုင်ငံက ထားရှိမည်ကို ကြိုဆို


ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းရေလုပ်ငန်းများတွင် လူကုန်ကူးမှု တိုက်ဖျက်နိုင်ရေးအတွက် ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန ၇ ခု ဖွင့်လှစ်သွားမည်ဟု ဆိုသည့်အပေါ်  မြန်မာ
ရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်နေသူများက ကြိုဆိုလိုက်ကြသည်။

ထိုင်း အလုပ်သမား ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားရေးရာ ဌာနအကြီးအကဲ ဆူထစီနီ ဆူဝက်ဝေါင်းဖတ် Suthassanee Suebwongphaet က ရေလုပ်သားများနှင့် အလုပ်ရှင်များ အကြား ပဋိပက္ခ ဖြေရှင်းရေး ဗဟိုဌာန ၇ ခုကို သက်ဆိုင်ရာ ခရိုင်ဝန်များ ဦးစီး၍ ဆမွတ်စခွန်၊ တရတ်၊ ရရောင်း၊ ချွမ်ဖွန်၊ ဆွန်ခလာ၊ ရနောင်းနှင့် ဆထွန်တို့တွင် ဖွဲ့စည်းသွားမှာဖြစ်သည်ဟု နေးရှင်းသတင်းစာသို့ ပြောကြားခဲ့သည်။

ရေလုပ်ငန်းအတွက် ရွှေ့ပြောင်းလုပ်သား ရှာဖွေရာတွင် အထက်ပါဌာနများက ကူညီမည်ဖြစ်ပြီး အလုပ်သမား ဝန်ကြီးဌာန၊ လူမှုရေးဖွံ့ဖြိုးမှုနှင့် လူသား လုံခြုံရေး ဝန်ကြီးဌာန၊ ရေလုပ်ငန်း အသင်းတို့ပူးပေါင်းကာ ရေလုပ်သား လိုအပ်မှုကိုလည်း စစ်တမ်း ကောက်သွားမည် ဖြစ်သည်။

၂ဝ၁၁ ခု သြဂုတ်လအထိ ထိုင်းရေလုပ်ငန်းတွင် မြန်မာ ၁၆,၁၄၀ ဦး၊  လာအို ၇၁၆ ဦး၊ ကမ္ဘောဒီးယား ၅,၂၉၇ ဦး ရှိသည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန စာရင်းအရ သိရသည်။ အလုပ်သမားရေးရာ အဖွဲ့များကမူ မှတ်ပုံမတင်သူများ ရှိနေသဖြင့် အဆများစွာ ပိုနိုင်သည်ဟု ယူဆကြသည်။

ရေလုပ်ငန်းရှင်များ လိုအပ်သည့် ရေလုပ်သား ပမာဏကို အထက်ပါ ဌာနများထံမှ တောင်းယူ၍ အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြရမည် ဖြစ်သည်။ 

ထိုစာရင်းကို အခြေခံကာ ရွှေ့ပြောင်းလုပ်သား စေလွှတ်လိုသော ထိုင်း၏ အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့် သဘောတူညီမှု အရ စာချုပ်စာတမ်းပါ လုပ်သားများ၊ ထိုင်းနိုင်ငံအတွင်း တရားဝင် နေခွင့်ရှိသည့် ရွှေ့ပြောင်း အလုပ်သမားများ၊ ထိုင်းရေလုပ်ငန်းတွင် ဆန္ဒအရ လုပ်ကိုင်လိုသည့် ရောင်းစားခံရာမှ လွတ်လာသူများကိုသာ အလုပ်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်ထားကြောင်း မစ္စဆူထစီနီ ဆူဝက်ဝေါင်းဖတ်ကို ကိုးကား၍ နေရှင်းက
ရေးသားထားသည်။

အစိုးရများအကြား တရားဝင် လုပ်ထုံးများကြောင့် အလုပ်သမားများ အနေဖြင့် လူကုန်ကူးလေ့ရှိသော ကြားပွဲစားများ ရန်မှ လွတ်နိုင်ကာ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အထောက်အကူ ဖြစ်နိုင်သည်ဟု မဟီဒေါ တက္ကသိုလ် လူဦးရေနှင့် လူမှုရေး သိပ္ပံဌာနမှ နိုင်ငံခြား ရေးရာ ကျွမ်းကျင်သူ အန်ဒီဟော Andy Hall က ကြိုဆိုပြောဆိုသည်။

ထို့ပြင် သူက “ရေလုပ်ငန်းတွေမှာ အလုပ်သမားရဖို့လည်း ခက်နေတယ်။ ရေလုပ်သားတွေ အတွက် နေရေး၊ အခကြေးငွေ၊ လူမှုဖူလုံရေး အဆင့်အတန်းတွေကိုလည်း မြှင့်တင်ပေးဖို့လိုပါတယ်” ဟု ပြောသည်။


လူကုန်ကူးမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျွိုင်းငိုဇီအီဇိုင်လို (Joy Ngozi Ezeilo) ကမူ သြဂုတ်လ ၈ ရက် နေ့မှသည့် ၁၂ ရက်ကြာ သူမ၏ အချက်အလက် ရှာဖွေရေး ခရီးစဉ်အပြီး သတင်းစာရှင်းပွဲ၌ “အာဏာပိုင်များ အကြား ချစားမှု ပပျောက်ရန်နှင့် ရေတပ်၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများကို လူကုန်ကူးမှုဆိုင်ရာ ပညာပေးရန်” လိုအပ်သည်ဟု အကြံပြု ပြောဆိုအပြီး ရက်ပိုင်းအကြာ ယခု ဌာနများဖွဲ့မည့်ကိစ္စ ဖြစ်ပေါ်လာသည်။

ထိုင်းငါးဖမ်းလှေများသို့ လူရောင်းစားမှုများ “ဆိုးဆိုးရွားရွား” ရှိနေသည်ဟု မစ္စဂျွိုင်းငိုဇီအီဇိုင်လို က မီးမောင်းထိုးပြ
ခဲ့ပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်၊ စမွတ်စခွန်၊ ဆွန်ခလာနှင့် တာ့ခ်ခရိုင်တို့မှ အစိုးရ အရာရှိများ၊ အန်ဂျီအိုများ၊
ရောင်းစားခံရသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဌာနများတွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အလုပ်ခွင်ဆိုင်ရာ မှတ်တမ်းများ ရှိနေမည် ဖြစ်သဖြင့် ဖြေရှင်းရန် ပိုလွယ်လာနိုင်မည် ယူဆကြောင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း GHRE မှ ရွှေ့ပြောင်း အလုပ်သမား ဖွံ့ဖြိုးရေးတာဝန်ခံ ကိုမိုးဝေက ပြောသည်။

ထိုင်းငါးဖမ်းလှေများတွင် ၈ နှစ်ခန့် အလုပ်လုပ်ဖူးသူ ကိုမိုးဝေက ထိုင်းရေလုပ်ငန်းများတွင် လူအရောင်းဝယ်၊ 
လုပ်အားခ မရှင်းပေးမှုများကိုလည်း ကိုယ်တွေ့ ကြုံဖူးသူဖြစ်သည်။ သူက “အလုပ်ရှင် တွေက ရဲတွေကို သူတို့က ကိုင်ထားနိုင်တယ်။ ငွေကြေးတွေ ပေးထားတယ်။ သူတို့က အုပ်စုအကြီးကြီး ရှိတာကိုး” ဟု ပြောသည်။


ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB 
မှ တာဝန်ခံ ဦးမြင့်ဝေက ထိုင်းငါးဖမ်းလှေများတွင် မှတ်ပုံမတင်ဘဲ ပြေးဆွဲနေမှုများလည်း ရှိသည့်အတွက် ထိုလှေပေါ်
မှ လုပ်သားများမှာ တရားမဝင် ဆက်ဖြစ်နေနိုင်သေးသည်ဟု ထောက်ပြထားသည်။ 

“ တစီးမှတ်ပုံတင်တယ်။ သုံးစီး ငါးဖမ်းတယ်။ အဲဒီနှစ်စီးမှာ ထားတဲ့လူက တရားမဝင် ဆက်ဖြစ်နေမှာပဲ”  ဦးမြင့်ဝေက ပြောသည်။


ထိုင်းနိုင်ငံတွင် တရားဝင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၁.၄၅ သန်းအနက် ယာယီ နိုင်ငံကူး
လက်မှတ် ရှိပြီးသူ ၅ သိန်းခန့်ရှိပြီး ကျန် ၉ သိန်းခန့်မှာ နိုင်ငံသား စိစစ်မှု မပြီးသေးကြောင်း မစ္စတာ အန်ဒီဟော 
Andy Hall က ပြောသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes