Saturday 27 August 2011

ဖုတ်ဖရမြို့နယ်က မြန်မာရွှေ့ပြောင်းကလေးတွေ သုံးရေကြောင့် အရေပြားရောဂါဖြစ်ပွားမှုများပြား





photo by JACBA

မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်အတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုနေထိုင်တဲ့ ရွာတွေက ကလေးသူငယ်တွေမှာ ရေကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ အဖြစ်များနေတယ်လို့ သိရှိရပါတယ်။
ကလေးတွေ အရေပြားရောဂါ အဖြစ်များနေတဲ့ ရွာတွေကတော့ ၄၂ ကီလိုမီတာ၊ ၃၅ ကီလိုမီတာ၊ ၃၇ ကီလိုမီတာနဲ့ စုစုပေါင်း မြန်မာစိုက်ပျိုးရေးအလုပ်သမားတွေ နေထိုင်ထဲ့ ၁၃ နေရာမှာ ဖြစ်ပွားနေတယ်လို့ သိရှိရပါ တယ်။ ရောဂါဖြစ်ပွားပုံအခြေအနေကို သိရဖို့ ၄၂ ကီလိုမီတာက မြန်မာရွှေ့ပြောင်းကလေးတွေအတွက် တို့ မိတ်ဆွေကျောင်းကို တည်ထောင်ထားသူ တာဝန်ခံ ဆရာထိုက်သူအောင် ကို မေးမြန်းခဲ့ရာ…

“အခုဆိုရင် ဒီရောဂါ အဖြစ်များနေတဲ့အတွက် ကျနော်တို့ ကျောင်းတောင်ပိတ်ထားရပါတယ်။ ဖြစ်နေတာတော့ ၂ လကျော်လောက်ရှိပါပြီ။ အနာတွေက ဂျပ်ပိန်းကြီးဖြစ်ပြီး အရည်တွေ ထွက်တယ်။ အရည်ခြောက်ပီး နည်း နည်းသက်သာရင်လည်း အသားအရေပါ မွဲခြောက်ပြီ မဲလိုက်လာတယ်။ တချို့ဆို ဆံပင်တွေပါ ကျွတ်ကုန်တယ်။ ကလေးတွေ ဖြစ်တာများပါတယ်။ ကျနော့် ကျောင်းကဆို ကလေးပေါင်း ၁၂၃ ဦးမှာ အခုလို အရေးပြား ရောဂါတွေ ဖြစ်နေတာ တွေ့ရတယ်”
“အရေပြားရောဂါ ဖြစ်လို့ အခြေအနေဆိုးတဲ့ ကလေးတွေကို ဘယ်လို ကုသမှု ပေးထားလဲ”
“မဲဆောက် ကျန်းမာရေးအဖွဲ့တွေ အန်ဂျီအိုတွေတော့ လာကြည့်ပေးပါတယ်။ အခြေအနေဆိုးတဲ့ ကလေး ၁ ယောက် ၂ ယောက်ကိုတော့ မဲဆောက်ဆေးရုံကြီးနဲ့ ကျောင်းသားဆေးခန်းကို ပို့ထားပါတယ်။”
“အခုလာကြည့်ရှုတဲ့ ကျန်းမာရေးအဖွဲ့တွေ အနေနဲ့ အခုဖြစ်နေတဲ့ အရေပြားရောဂါကို ဘာကြောင့်ဖြစ် တယ်လို့ ယူဆသလဲ ဆရာထိုက်သူအောင် ခင်ဗျ”
“အဓိကတော့ သုံးရေပဲဗျ။ ဒီမှာ အလုပ်လုပ်နေကြတဲ မြန်မာပြည်သားတွေအတွက် သုံးရေ သီးသန့်မရှိဘူး။ ကြုံတဲ့ ချောင်းမြောင်းက ရေကို သုံးရေအဖြစ်သုံးနေကြတာ။ ဒါမှ မသုံးရင်လည်း တခြားမရှိဘူး။ ဒီမှာက ဘယ် နေရာ ကြည့်ကြည့် စိုက်ခင်းပဲရှိတယ်။ ချောင်းတွေနဲ့ ရေအိုင်တွေဆိုတာကလည်း ဒီစိုက်ခင်းတွေ ကြားမှာပဲ။ အဲဒီတော့ စိုက်ခင်မှာသုံးတဲ့ ဓါတုဆေးဝါး ပေါင်းစုံက ဒီရေအိုင်တွေထဲမှာ ပါဝင်နေမှာပါ။ လူကြီးတွေကတော့ ခံနိုင်ရည်ရှိချင် ရှိမှာပေါ့၊ ခုတော့ မခံနိုင်တဲ့ ကလေးတွေမှာ လာဖြစ်တာ အဲဒါပါပဲ” လို့ ရှင်းပြသွားပါတယ်။



photo by JACBA
ဖုတ်ဖရမြို့နယ်ဟာ မဲဆောက်မြို့အနီးက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စိုက်ပျိုးရေး အလုပ်သမားဘဝနဲ့ လုပ်ကိုင်းစာသောက်နေတဲ့ စိုက်ပျိုးရေးဒေသတခု ဖြစ်ပါတယ်။

Source: နေ့သစ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes