Monday 22 August 2011

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သမ္မတအိမ်တော်၌ ပထမဆုံးတွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဟု ထုတ်ပြန်


6478
နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော် ရုံးခန်း၌ ပထမဆုံး တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ခင်မင်ရင်းနှီးစွာ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါသည်။
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသား အဆင့်အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်စဉ် ကာလအတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။
နေပြည်တော်တွင် သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့) အစီအစဉ်ကို မူလက မွန်းလွဲ ၁ နာရီတွင် စတင်ရန်စီစဉ် ခဲ့သော်လည်း မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ရောက်ရှိမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိလာပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ(ဒုတိယနေ့)ကို သြဂုတ်လ ၂၀ ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။



0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes