Thursday 25 August 2011

ဒေါ်လာဈေး ပြန်တက်သဖြင့် ဆန်တင်ပို့မှုပြန်စ

အမေရိကန်ဒေါ်လာ၊ ပို့ကုန်ဝင်ငွေ (Export Earning) စသည့် ငွေကြေးလဲလှယ်မှုနှုန်းများ ကျဆင်းနေရာမှ ပြန်လည်မြင့်တက်လာ သည့်အတွက် ဧည့်မထဆန်ဈေးလည်း မြင့်တက်ကာ ပြည်ပသို့ ဆန်တင်ပို့မှု ပြန်လည် စတင်ပြီဖြစ်ကြောင်း သိရသည်။




ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းတွင် သင်္ဘောပေါ် ဆန်သယ်ပို့နေစဉ် (ဓာတ်ပုံ - AP)
တနင်္လာနေ့က အမေရိကန် တဒေါ်လာဈေး ၆၄၈ ကျပ်အထိ ကျဆင်းနေရာမှ ယနေ့ ၇၅၅ ကျပ်အထိ မြင့်တက်သွားပြီး ပို့ကုန်ဝင်ငွေ (Export Earning) မှာလည်း ၇၁၇ ကျပ်မှ ၇၇၀ ကျပ်ဈေး အထိမြင့်တက်လာခဲ့သည်။

ပို့ကုန်ဝင်ငွေသည် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တိုင်း လိုအပ်သည့် တရားဝင် ငွေကြေးဖြစ်ပြီး အမေရိကန် ဒေါ်လာနှင့်လည်း ဆက်စပ်လျက်ရှိရာ ယမန်နေ့မှ စတင်၍ အမေရိကန်ဒေါ်လာဈေး အနည်းငယ် မြင့်တက်လာသည့်အတွက် ပို့ကုန်ဝင်ငွေလည်း မြင့်တက်လာခြင်းဖြစ်သည်။
သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ငွေလဲလှယ်နှုန်းထားများ ပြင်ဆင် သတ်မှတ်မည်ဟု ပြောဆိုခဲ့စဉ်ကတည်းက အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ကျဆင်းခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး တရှိန်ထိုး တက်သွားခဲ့သည်။

ထိုသို့ ကျဆင်းသွားသည့်အတွက် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများက အကျိုးအကြေ ၂၅ ရာခိုင်နှုန်းပါ ဧည့်မထဆန် တတင်းခွဲ တအိတ်လျှင် ၁၃၂၀၀ ကျပ်ဖြင့် ၀ယ်ယူခဲ့ရာမှ ၁၂၇၀၀ ကျပ်ဈေးသို့ လျှော့ချဝယ်ယူရန် ဆုံးဖြတ်ခဲ့သည့်အတွက် ဆန်ဈေးကွက်တွင် ဧည့်မထဆန် ရောင်းဝယ်မှု ၂ ရက်ကြာ ရပ်ဆိုင်းသွားသည်။

ယနေ့တွင်မူ အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည် မြင့်တက်လာခြင်း၊ ရန်ကုန်ဆိပ်ကမ်းတွင် ဆန်တင်ရန် သင်္ဘောများ ရောက်ရှိနေခြင်းတို့ကြောင့် ဆန်တင်ပို့သည့် ကုမ္ပဏီများက ဈေးနှုန်းကို မြှင့်တင်ပြီး ၀ယ်ယူကြောင်း ရန်ကုန် ဘုရင့်နောင် ပွဲရုံတန်းမှ ဆန်ကုန်သည်တဦးက ပြောသည်။

“ကုမ္ပဏီတွေ ဈေးချဝယ်ပေမယ့် နယ်မှာ ဆန်ကရှားနေတယ်။ အဲဒီတော့ လူတွေကလည်း ဈေးမကိုက်တော့ မရောင်းဘူး။ အခုငွေဈေး ပြန်တက်တာရယ်၊ သင်္ဘောတင်ဖို့ အရေးကြီး နေတာရယ်ကြောင့် ပြန်ဝယ်နေပြီ” ဟု ၎င်းကဆိုသည်။

ယနေ့ ဧည်မထ ဆန်ဈေးနှုန်းမှာ ၁၃၂၀၀ ကျပ် မှ ၁၃၈၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း၊ ပြည်တွင်းစားသုံးသည့် ဆန်များမှာ ဈေးနှုန်းမြင့်တက်ခြင်း မရှိကြောင်း သိရသည်။

ယခုအခါ ရန်ကုန်ဆိပ်ကမ်းတွင် ဆန်တင်မည့် နိုင်ငံခြားသင်္ဘော ၇ စီး ဆိုက်ကပ်ထားပြီး မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၊ မြန်မာ့စီးပွားရေး ကိုအော်ပရေးရှင်းနှင့် ယခင် ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း ဦးအောင်သန်းဦး ပိုင်ဆိုင်သည့် ပင်လယ်ကိုးသွယ် ကုမ္ပဏီ၊ ရတနာကျော်၊ ဒိုင်းမွန်းစတား၊ ရတနာဝင်း၊ ကဉ္စနကျွန်းသာ ကုမ္ပဏီတို့က ဆန်တင်ခွင့် ရရှိထားသည်ဟု သိရသည်။

ထိုသို့ ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်နေမှုကြောင့် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အရှုံးပေါ်နေခြင်းကို ကာမိစေရန် အစိုးရက
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့တွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေချိုရေငန်ထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက် ပစ္စည်းများ ပြည်ပ တင်ပို့မှုအပေါ် ၆ လ ကုန်သွယ်ခွန် စည်းကြပ်ခြင်း မပြုတော့ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

လက်ရှိအခြေအနေတွင် စိုက်ပျိုးရေး ထွက်ကုန်တခုဖြစ်သည့် နှမ်းမှာ ပြည်ပ ၀ယ်လက်ဖြစ်သည့် တရုတ်နိုင်ငံမှ အလုံးအရင်း ၀ယ်ယူမှုမရှိခြင်း၊ မြန်မာကျပ်ငွေ တန်ဘိုးမြင့်တက်နေခြင်း တို့ကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်း နေကြောင်း သိရသည်။

ယနေ့ နှမ်းပေါက်ဈေးမှာ ဆီကြိတ်နှမ်း ၃ တင်း တအိတ် (ပိဿာ ၆၀) သည် ၅၃၀၀၀ ကျပ် ဈေးဖြင့် အရောင်းအ၀ယ် ဖြစ်နေကြောင်း၊ နှမ်းဆီမှာ ၂၃၀၀ ကျပ်၊ စားအုန်းဆီမှာ တပိဿာ ၁၇၅၀ ကျပ်၊ ပဲဆီမှာ ၃၁၀၀ ကျပ် ဈေး ရှိနေကြောင်း သိရသည်။
 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes