Friday 11 May 2012

“ရွှေ့ပြောင်းအလုပ်သမား သားသမီးများအတွက် စာသင်ကျောင်းကြီးတစ်ကျောင်းFEDဖွင့်”

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED အဖွဲ့က ဖန်ငခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းကြီးတစ်ကျောင်းအား ယမန်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

နိုင်ငံတကာအဖွဲ့အစည်း  ၄ခုတို့၏ ကူညီမှုဖြင့် ကျောင်းသား ၃၀၀ ခန့် တစ်စုတစ်ဝေးတည်းတက်ရောက် သင်ကြားနိုင်သည့် အဆင့်မြင့်စာသင်ဆောင်များ၊ ကွန်ပျူတာခန်းများနှင့် စာသင်ခန်းတိုင်းတွင် နိုင်ငံတကာ အဆင့်မီ သင်ထောက်ကူပစ္စည်းများ၊ တီဗွီပြစက်များ၊ကစားကွင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ   ကျောင်းတက်နိုင်ရန်အတွက်  သယ်ယူပို့ဆောင်ရေး ကားများအပြည့်အစုံဖြင့်   ၅ဧကကျယ်ဝန်းသည့် မြေနေရာတွင် လှပသည့်  စာသင်ကျောင်းကြီးအား ယမန်နေ့ နံနက်  ၉နာရီ ၉မိနစ်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့  ခြင်းဖြစ်သည်။

FED အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က “ကျနော်တို့ အယင် လေးနေရာမှာ ကျောင်းကလေးတွေနဲ့ စာသင် ပေးနေ ခဲ့ရာကနေ တစ်နေရာတည်းမှာ စုစုစည်းစည်း စာသင်ပေးနိုင်တော့မှာ ဖြစ်တဲ့ အတွက် ကျနော်တို့ ၀မ်းသာပါ တယ်။  စိတ်မကောင်းဖြစ်မိတာက  ကျနော်တို့ လေးလေးစားစားနဲ့ ဖိတ်ကြားထားတဲ့မြန်မာသံရုံးကလည်း မရောက်ဘူး၊ ကျနော်တို့လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ထံကလည်း  ကျောင်းဖွင့်ပွဲအဖွင့် အမှာစကား ဗွီဒီယိုမိန့်ခွန်းတောင်းခံထားတာရှိခဲ့တယ်။ ပေးပို့မယ်ဆိုပေမယ့် အဲဒါတွေဘာမှမဖြစ်လာခဲ့တဲ့အတွက်တော့ ကျနော်စိတ်မကောင်းဘူး” ဟု ဦးထူးချစ်ကပြောသည်။

စာသင်ကျောင်းသစ်ဖွင့်ပွဲသို့နယ်မြေအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကျောင်းသား/သူများ ရာချီတက်ရောက်ခဲ့ကြသည်။

FED ၏  ဥက္ကဌ ဖြစ်သော ထိုင်းအထက်လွှတ်တော်အမတ်  ခရိုင်ဆပ် ချွန်နဝန် ကိုယ်တိုင်လာ ရောက်ဖွင့်လှစ်ပေးခဲ့ပြီးစာသင်ကျောင်းဖြစ်မြောက်ရေးအတွက်  အကူအညီပေးခဲ့ကြသည့် နိုင်ငံတကာ အင်ဂျီအို အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။ ခရိုင်ဆပ် ချွန်န၀န်က “ဒီကျောင်းလေးအနားမှာ တောင်တန်းလေးတွေ သစ်ပင်လေးတွေ စမ်းချောင်းလေးတွေနဲ့ ကစားကွင်းနဲ့ အလွန်သာယာဖွယ် နေရာဖြစ်တယ်။  ဒီကျောင်းဟာ  ထိုင်းမှာ အလှဆုံးနဲ့ အကောင်းဆုံးကျောင်းဖြစ်တယ်။  ဒီကလေးတွေ စာတတ်မှ အနာဂတ်သာယာမယ်၊ ဒီကလေးတွေဟာ ကျနော်တို့ရဲ့အနာဂတ်ပဲဖြစ်တယ်”ဟု ကျောင်းဖွင့်ပွဲ မိန့်ခွန်းတွင်  ထည့်သွင်းပြောဆိုသွားခဲ့သည်။ကော့သောင်းဇာတိ ဆဌမတန်း ကျောင်းသူ မချယ်ရီထွန်း  က“သမီးတို့လို ကျောင်းတက်ခွင့်မရတဲ့ သူငယ်ချင်း တွေကို ဒီမှာကျောင်း တက်ကြ စေချင်ပါတယ်။ သမီးကတော့ပညာကို ဆုံးခန်းတိုင်အောင်သင်ပြီး  ကျောင်း ဆရာမကြီးလုပ်မယ်လို့ စိတ်ကူးထားပါတယ်”ဟုပြောသည်။

ညနေပိုင်းတွင်  မြန်မာအလုပ်သမား တီးဝိုင်းတစ်ခုက  စတိတ်ရှိုးဖြင့် လာရောက်ဖျော်ဖြေရာ FED မှ အဆို ၀ါသနာရှင်များလည်း တပျော်တပါး  ဆင်နွဲခဲ့ကြကြောင်းသိရှိရသည်။

 Ref: GHR

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes