Friday 11 May 2012

ဧရာဝတီမြစ်ရေ တိုက်စားရာမှ ကမ်းပါးပြိုကျမှုများကြောင့် မတ္တရာမြို့နယ် အတွင်းရှိ မြစ်ကမ်းနံဘေး ကျေးရွာများတွင် စိုက်ပျိုးမြေနှင့် အိမ်ခြံမြေ ဆုံးရှုံးမှုများ ပိုမိုကြုံတွေ့လာရ

566
နန်းတော်ကျွန်းရွာ ကမ်းပါးပြိုနေသည်ကိုတွေ့ရစဉ်
ဧရာဝတီမြစ်ရေ တိုက်စားရာမှ ကမ်းပါးပြိုကျမှုများကြောင့် မတ္တရာမြို့နယ် အတွင်းရှိ မြစ်ကမ်းနံဘေး ကျေးရွာများတွင် စိုက်ပျိုးမြေနှင့် အိမ်ခြံမြေဆုံးရှုံးမှုများ ပိုမိုကြုံတွေ့လာရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

“အရင်တုန်းက ရွာနဲ့မြစ်ကတစ်မိုင်လောက် ဝေးတယ်။ နောက်ပိုင်းမြစ်ကြောင်း တဖြည်းဖြည်း ပြောင်းလာပြီး ရေစီးကြောင်းကရွာကို ဦးတိုက်လာတယ်။ အခုမြစ်က ရွာခြေကို ကပ်နေပြီ။ သုံးနှစ်လောက်ဆက်တိုက် မြစ်ရေတိုက်စားလို့ ကမ်းပါးပြိုရာကနေ ရွာအနောက်ဘက်က စိုက်ပျိုးမြေတွေ မရှိတော့ဘူး။ ရေအောက် ရောက်သွားပြီ။ ဒီလိုဆက်တိုက်ကမ်းပါးတွေ ပြိုနေမယ်ဆိုရင်တော့ နေအိမ်တွေပါ ရွှေ့ရဖို့နီးနေပြီ”ဟု သုံးဆယ်ပေး ရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာတွင် ၁၉၅၂ ခု နှစ်က ကမ်းပါးပြိုကျမှုကြောင့် ရွာဧရိယာ၏ ငါးပုံလေးပုံ ဆုံးရှုံးခဲ့ဖူးကြောင်း၊ ယင်းသို့ဆုံးရှုံးမှုကြောင့် မြစ်နှင့်ဝေးရာအရပ်တွင် မြေများဝယ်ယူပြီးပြောင်း ရွှေ့ခဲ့ရကြောင်း၊ ယခုအခါတွင်လည်း စိုက်ပျိုးမြေဆုံးရှုံးမှုများကို ကြုံတွေ့လာရကြောင်း သိရှိရသည်။
566a
သုံးဆယ်ပေးရွာ ကမ်းပါးပြိုနေသည်ကိုတွေ့ရစဉ်
ဧရာဝတီမြစ်ကမ်း တစ်လျှောက် မတ္တရာမြို့နယ်အတွင်း၌ သဖန်းထောင့်၊ သုံးဆယ်ပေး၊ ဆင်ကျွန်း၊ နန်းတော်ကျွန်း၊ ဒင်္ဂါးကျွန်း စသည့် ကျေးရွာများတွင် ကမ်းပါးပြိုမှုများ ကြုံတွေ့လာရာ မိမိတို့ကျေးရွာအလိုက် ရေကာများရိုက်၍ ရေတိုက်စားမှုကို ကာကွယ်နေရကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျွန်တော်တို့ရွာက သုံးဆယ်ပေးရွာနဲ့ မျက်နှာချင်းဆိုင်မှာရှိတယ်။ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုလို့ တစ်ရွာလုံးပါသွားတယ်။ ရွာလည်းရွှေ့လိုက် ရတယ်။ စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ ရတယ်။ နေရာသစ်ကိုရွှေ့ပြောင်းရတဲ့အတွက် ရွှေ့ပြောင်းစရိတ်တွေ ကုန်တယ်။ မြစ်ကြောင်း ထိန်းသိမ်းမှု အားနည်းလို့ ဖြစ်ရတာပါ”ဟု ဆင်ကျွန်းရွာသားတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ရေစီးကြောင်း ပြောင်းလဲလာရာ ရေယာဉ်များလည်း လမ်းကြောင်းပြောင်းလဲ ပြေးဆွဲလာကြောင်း၊ ယင်းသို့ပြေးဆွဲရာမှ သင်္ဘောကြီးများ၏ လှိုင်းရိုက်မှု ဒဏ်ကြောင့် မြစ်ကမ်းဘေး နံကျေးရွာများ၏ ကမ်းပါးပြိုမှုများ ပိုမိုဖြစ်ပွားစေကြောင်း သိရသည်။

“၂၀၀၉ ခုနှစ်လောက်ကစပြီး ရေစီးကြောင်းက မြစ်အရှေ့ကမ်း ဘက်ရောက်လာတယ်။ သဖန်းထောင့်ရွာ တစ်ဝက်လောက် ကုန်သွားတာကနေ ရေနက်အိုးဖြစ်လာပြီး သင်္ဘောတွေ သွားလာကြတယ်။ သင်္ဘောကြီးတွေ ဖြတ်သွားရင် သူတို့အရှိန်နဲ့ လှိုင်းထပြီး ကမ်းကိုရိုက်တော့ ကမ်းပြိုတာတွေ ပိုဖြစ်တယ်။ သူတို့ကလည်း ရေစီးကြောင်းအတိုင်း သွားရတာကိုး။ ကျေးရွာတွေ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ အားနဲ့ ကမ်းပါးတွေပြိုမကျအောင် ထိန်းသိမ်းပေမယ့် နည်းစနစ်မမှန်တဲ့ အတွက် ငွေကုန်လူပန်းပဲ ဖြစ်ကြရပါတယ်။ ကျွန်တော်တို့ရွာတွေ ကမ်းပါး ပြိုကျမှု ဒဏ်သက်သာအောင် လုပ်ဖို့ဆိုတာ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အပေါ်မှာပဲ မူတည်ပါတယ်” ဟု သုံးဆယ်ပေး ရွာခံတစ်ဦးက ပြောသည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes