Saturday 12 May 2012

သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည်

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဖိနှိပ်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့တကွ ကျောင်းသား ပြည်သူတွေအနေနဲ့ မိမိတို့ ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တိုင်ကြားမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် ခေတ္တရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံသားများရဲ့မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မနေ့က RFA ကို အခုလို ပြောကြားလိုက်ပါတယ်။
RFA
ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။
"၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးနဲ့ ပတ်သက်လို့ တိုင်ကြားတင်ပြတာများရှိခဲ့ရင် ကျွန်တော်တို့က ကော်မတီအလိုက် စီစစ်ပါမယ်။ ကျွန်တော်တို့ရဲ့တွေ့ရှိချက်ကို သုံးသပ်ချက်နဲ့တကွ ကျွန်တော်တို့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဆီကို တင်ပြပါမယ်။ သူ့ရဲ့သဘောနဲ့ ကျွန်တော်တို့ရဲ့ သဘောကိုက်ညီမှုအရ အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ ကော်မတီက စစ်ဆေးရန်လိုအပ်တယ်လို့ တင်ပြလို့ လွှတ်တော်ဥက္ကဋ္ဌ က သဘောထားမှတ်ချက်ရခဲ့လို့ ရှိရင် ဖြစ်တဲ့နေရာအထိ ကျွန်တော်တို့ သွားရောက် စစ်ဆေးပိုင်ခွင့် ရှိပါတယ်။ အဲတာကြောင့် ၂၀၀၇ ရဲ့ အပေါ်မှာတိုင်ကြား တင်ပြလာတာရှိရင် ကျွန်တော်တို့က ထိထိရောက်ရောက် စစ်ဆေးပေးသွားမယ်ဆိုတာ ကျွန်တော်တို့ ကော်မတီရဲ့လုပ်ငန်းသဘောအရ ကတိပြုတင်ပြ ဆွေးနွေးခဲ့ ပါတယ်"

ခရီးစဉ်အတွင်း ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်လာသူ တစ်ဦးက ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သံဃာတော်တွေအပေါ် အစိုးရဘက်က ပြန်ပြီးတောင်းပန်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းရာမှာလည်း အလားတူ ဖြေဆိုခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

အလားတူ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရာထူး ရနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ သမ္မတရာထူးဆိုင်ရာ အရည်အချင်းအရ ကန့်သတ်မှုတွေ ရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ကြောင်း ဒေါက်တာအေးမောင်က ဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ်မှာ သမ္မတ ဖြစ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြုပြင်ပေးဖို့ ကျွန်တော်တို့ ဒီ ၂၀၁၅ မတိုင်ခင်လေးမှာ ကျွန်တော်တို့ ကြိုးစားပေးဖို့ နှိုင်းနှိုင်းယှဉ်ယှဉ်၊ ပြုပြုပြင်ပြင်နဲ့ ကြိုးစားပေးဖို့ နော်၊ ဒီပုဒ်မ တစ်ခု၊ နှစ်ခု ပြင်ဖို့လိုတယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်။ အဲဒီလိုပြင်ပြီးရင်တော့ဖြင့် ခုနက သမ္မတ တစ်ဦးရဲ့လိုအပ်တဲ့ အရည်အချင်း ဆိုတာလေးကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာပါတော့လေ၊ အဲတာလေးကို ကျွန်တော်တို့ ဆွေးနွေးတာ"

ဂျာမနီနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးမင်းဦးနဲ့ ဒေါက်တာလှမြတ်သွေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP က ဦးစိုင်းအိုက်ပေါင်း၊ ကြံ့ခိုင်ဖွံဖြိုးရေးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်း၊  ဦးအေးမောက်တို့ ပါဝင်ကြပြီး ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ကို ဂျာမန် FDP ပါတီနဲ့ နီးစပ်တဲ့ Friedrich Naumann Foundation က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး သီတင်းပတ် တစ်ပတ်နီးပါး ကြာမြင့်ခဲ့ပါတယ်။

Ref: RFA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes