Wednesday 9 May 2012

 ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေများသော မြန်မာ့စီးပွားရေးတွင် နောက်ကျမကျန်ခဲ့စေရန် စီးပွားရေးပိတ်ဆို့မှုကို အပြီးရုပ်သိမ်းပေးရန် အမေရိကန်ကုမ္ပဏီများ လိုလား

ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေများ နေသော မြန်မာနိုင်ငံ၏စီးပွားရေးတွင် နောက်ကျကျန်နေရစ်ခဲ့မည်ကို မလိုလားသဖြင့် အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို အပြီးရုပ်သိမ်းပေးရန် လိုလားနေကြောင်း The China Post သတင်းစာက ဖော်ပြလိုက်သည်။ 

အမေရိကန်သမ္မတ အိုဘားမားထံသို့ အမေရိကန်ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီးများက လက်ရှိ သတ်မှတ်ဖြေလျော့ပေးထားသည့် ပမာဏထက် ချဲ့ထွင်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကနေဒါနှင့် ဥရောပသမဂ္ဂတို့မှ စီးပွားရေးပိတ်ဆို့မှုများကို ဆိုင်းငံ့ခဲ့ပြီး ဂျပန်နိုင်ငံမှာ အကူအညီများကိုပင် ပြန်လည် စတင်နေပြီ ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမားထံသို့ အမေရိကန်၏ စီးပွားကူးသန်းဌာန၊ American Petroleum Institute နှင့် US-Asean Business Council တို့က လက်မှတ်ရေးထိုးပြီး ပေးပို့သောစာတွင် ''အမေရိကန်မှ အချို့သော စီးပွားရေးလုပ်ငန်းများကိုသာ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ပြုပြီး အခြားလုပ်ငန်းများကို ထုတ်ဖယ်ထားခြင်းသည်လည်း ခွင့်ပြုထားသော လုပ်ငန်းများ၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေမည်မဟုတ်''ဟု ပါရှိကြောင်း The Chine Post က ဖော်ပြထားသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် မရခြင်းဖြင့် ''ကျွန်ုပ်တို့၏ ပြိုင်ဘက်နိုင်ငံများက လက်ရှိတွင်လည်း လုပ်ငန်းများ လုပ်ကိုင်နေလျက်ရှိပြီးဖြစ်သည့်အလျှောက် ကျွန်ုပ်တို့ လစ်လပ်နေသော နေရာများကိုဖြည့်ကာ လုပ်ကိုင်သွားမည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန် အလုပ်သမားများ ရရှိရမည့် အလုပ်များကို အာရှနှင့် အခြားနေရာများမှ အလုပ်သမားများက အစားထိုး ရရှိသွားမည်ဖြစ်သည်''ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။

အမေရိကန်၏ ပစ္စည်းကိရိယာများထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်သည့် Caterpillar ကုမ္ပဏီက မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦများ တည်ဆောက်ရန်ရှိနေသဖြင့် ၎င်းတို့ ကုမ္ပဏီအနေနှင့် ဈေးကွက် တိုးတက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ 

အမေရိကန်အစိုးရအတွင်းမှာ အယူအဆတွေက အမျိုးမျိုးဖြစ်နေတာမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေက အဲဒီနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက်အောင် မမောင်းနှင်နိုင်တဲ့အပြင် အဟန့်အတားတောင် ဖြစ်စေနိုင်တယ် ဆိုတဲ့အမြင်နဲ့ ကျွန်တော်တို့နဲ့ အမြင်တူပါတယ် . . .

''အမေရိကန် အစိုးရအတွင်းမှာ အယူအဆတွေက အမျိုးမျိုးဖြစ်နေတာမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေက အဲဒီနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက်အောင် မမောင်းနှင်နိုင်တဲ့အပြင် အဟန့်အတားတောင် ဖြစ်စေနိုင်တယ်ဆိုတဲ့အမြင်နဲ့ ကျွန်တော်တို့နဲ့ အမြင်တူပါတယ်''ဟု Caterpillar Inc မှ Clay Thompson က ပြောကြားခဲ့သည်။

''အဲဒီနိုင်ငံထဲမှာရှိနေတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ လိုအပ်နေတာက စီးပွားရေး တိုးတက်ဖို့ပါ။ အမေရိကန် ကုမ္ပဏီတွေက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ လာလုပ်မယ်ဆိုရင် အဲဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကလည်း  သေချာပေါက်ရရှိမယ့် အရာပါ''ဟု ၎င်းက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အမေရိကန် ကုမ္ပဏီများတွင် တန်ဖိုးအမှန် ရှိနေချိန်၌ အုပ်ချုပ်ရေးပိုင်းကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သွားရန် အမေရိကန် အစိုးရအဖွဲ့အနေနှင့် သတိထား လှုပ်ရှားရမည်ဖြစ်ပြီး ပိတ်ဆို့မှုများကို အလုံးစုံ ရုပ်သိမ်းသွားမည် မဟုတ်ဟု ပြောကြားခဲ့သည်။  အမေရိကန်၏ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နှင့် အလုပ်သမား ကွန်ဖက်ဒရေးရှင်းတို့က အမေရိကန်သမ္မတ အိုဘားမားထံသို့ ရေးသားပေးပို့သောစာတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖြေလျော့ရာတွင် တိုးတက်မှုများရှိခြင်း၊ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရပ်ဆိုင်းခြင်း၊ ၂၀၁၅ ခုနှစ်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တရားမျှတမှု ရှိခြင်းတို့နှင့် ဆက်စပ် ဖြေလျော့သင့်သည်ဟု အကြံပြုထားသည်။    

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes