Tuesday 8 May 2012

ကားဝယ်ခွင့် ဖွင့်ပေးလိုက်၍ ကားဈေးထိုးကျ

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ၂၀၀၇ ခုနှစ် မော်ဒယ်အထက် ကားများကို လူတိုင်း တင်သွင်းခွင့်ပြုကြောင်း တရားဝင် ကြေညာလိုက်ရာ ကားဈေးနှုန်းများ ကျပ်သိန်းရာချီ ထိုးကျသွားပြီး ကားဈေးကွက် အရောင်းအ၀ယ် ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။
၂၀၁၁ စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် တက္ကစီအဟောင်းတစီးကို ကားသစ်ဝယ်ရေး ပါမစ်နှင့် လဲလှယ်ရန် တွန်းသွားနေကြသူများ (ဓာတ်ပုံ - Reuters)

နေပြည်တော်တွင် ယမန်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ကားအရောင်းပြခန်း Show Room များမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်း၍ ဖြစ်စေ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်အထိ စီစဉ်ရန် သမ္မတ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၌ 
 နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများသည် ၂၀၀၇ ခုနှစ်အထက် မော်ဒယ်ကားများ (ခရီးသည်တင် ဘတ်စ်ကားများမှအပ) ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း ပြောသည်။

ယင်းကြေညာချက်ကြောင့် ကားဈေးကွက် ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ကားပွဲစားများထံမှ သိရှိရသည်။
“အရင်တုန်းက ကားပါမစ်ရှိမှ ကားသွင်းလို့ရတာလေ။ ကားပါမစ်ကလည်း တစောင်ကို အနည်းဆုံး သိန်း ၁၅၀ ရှိတယ်။ အခု ကားပါမစ် မလိုတော့ဘူးဆိုတော့ ကားဈေးတွေက အနည်းဆုံး သိန်း ၁၅၀ ကနေ သိန်းရာချီကို ထိုးကျကုန်တာ” ဟု ဟံသာဝတီကားပွဲဝင်းမှ ကားပွဲစားတဦးက ပြောသည်။
အငှားယာဉ် တက္ကစီများ၏ ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရေးအတွက် ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ကားများကို ဘယ်မောင်းရော၊ ညာမောင်းပါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ၏ စစ်ဆေးထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ခရီးသည်တင် ဘတ်စ်ကားများ အသစ်တင်သွင်းလိုလျှင်လည်း ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ဘတ်စ်ကား ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“အငှားကားဆိုရင်တော့ သတ်မှတ်ထားတဲ့ အရောင်တင်သွင်းရမယ် ဆိုတာမျိုးတော့ရှိမယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းအစိုးရတွေဆီမှာ အငှားကား လုပ်ကိုင်ချင်ပါတယ်ဆိုပြီး လျှောက်ထားပြီး တင်သွင်းခွင့်ရမယ်။ ဘတ်စ်ကားတွေကတော့ ကန့်သတ်ချက်မရှိဘူး။ ကုမ္ပဏီဖွဲ့ပြီး သွင်းချင်တယ်ဆိုရင်လည်း သွင်းခွင့်ပြုမယ်” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက ပြောသည်။

ဤသို့ ကားလွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့် ပြုလိုက်သောကြောင့် ကားဈေးကွက်တွင် ကားဝယ်ရောင်း လုပ်ကိုင်နေသော ကား Show Room များနှင့် ကုမ္ပဏီများ သိန်းထောင်သောင်းချီ အရှုံးပေါ်သွားကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

“ကားသွင်းတဲ့ကုမ္ပဏီတွေက အရှုံးပေါ်တာပေါ့။ အဓိက ထိခိုက်တာက ကားသွင်းတဲ့ကုမ္ပဏီတွေနဲ့ ကား Show Room တွေပေါ့။ သူတို့က ကားပါမစ်တွေဝယ်ပြီး ကားတွေသွင်းကြတာမျိုး ရှိပြီးတော့ လက်ထဲမှာ ကားစီးရေ တော်တော်များများ ထားကြတာ။ ကားစီးရေ လက်ထဲမှာ များများရှိတဲ့သူက ပိုရှုံးလေပဲ” ဟု ကားတင်သွင်းနေသော စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

သိန်း ၁၅၀ ဈေးပေါက်ထားသောကားကို သိန်း ၁၂၀ ဖြင့် ရောင်းရာ ဝယ်သူမရှိကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အထူးပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၂၀ မှ သိန်း ၆၀ အထိ ဈေးကျသွားသဖြင့် သင်္ဘောသားများအတွက် ချပေးသော ကားသွင်းခွင့်ပါမစ်မှာ ကျပ် ၅ သိန်းသာ ဈေးရှိတော့ကြောင်း ပြည်တွင်းမှ 7 Day သတင်းဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။
ယင်းသို့ အစိုးရက ကားတင်သွင်းခွင့်ပြုလိုက်ခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်သော်လည်း ကားတင်သွင်းမှုကြောင့် ဒေါ်လာဈေး မြင့်တက်နိုင်မှုနှင့် လမ်းများ ကျပ်လာမည့်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ မည်သို့ဖြစ်စေကာမူ ကားတင်သွင်းခွင့်ကို လူတိုင်းပေးအပ်လိုက်ခြင်းအပေါ် လုံးဝကြိုဆိုထောက်ခံကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ဧရာဝတီသို့ ပြောသည်။
“ဖြစ်သင့်တာ ကြာပြီ။ ဒီကိစ္စက နိုင်ငံတကာမှာ ကားဆိုတဲ့အရာက အင်မတန်မှ ဈေးပေါနေပေမယ့် မြန်မာနိုင်ငံမှာ ကားဟောင်းကိုတောင် ဈေးကြီးကြီးပေးနေရတာပဲ။ ကြိုဆိုရမယ့်ကိစ္စပဲ။ 

ကားတွေသွင်းတာများလာလို့ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ဖြေရှင်းဖို့လိုမှာပေါ့။ 
 ဈေးကွက်စီးပွားရေးစနစ် သွားမယ်ဆိုရင်တော့ ဈေးကွက်ကို ဖွင့်ရမှာပဲ။ ကြိုဆိုတယ်” ဟု ဦးမော်သန်းက ဆိုသည်။လွတ်လပ်စွာ ကားတင်သွင်းခွင့် ပေးလိုက်သည့်အတွက် ယခင်ကားပါမစ် လက်ဝယ်ရှိသူ၊ ဝယ်ယူထားသူများ ထိခိုက်ခဲ့ရမှုနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတခုလည်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ်များမှစ၍ မော်ဒယ်နိမ့် ကားများကို နယ်နှင်ခြင်း၊ ကားဟောင်းများကို ပြန်အပ်စေပြီး ကားသစ်ဝယ်ရန် ပါမစ်ထုတ်ပေးခြင်း၊ သတ်မှတ် နိုင်ငံခြားငွေကြေး ရှိသူများကို ကားတင်သွင်းခွင့်ပြုခြင်းများ အစိုးရက ပြုလုပ်ခဲ့သည်။

အစိုးရက လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုခြင်းသည် မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းသို့ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပြင်ဆင်သောလုပ်ရပ်တခုအဖြစ်လည်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ရှုမြင်ကြသည်။

“အစိုးရက ငွေလဲနှုန်းကိုလည်း အခုတော်တော်ငြိမ်အောင် ထိန်းထားနိုင်လာပြီ။ တဖြည်းဖြည်းနဲ့ ကန့်သတ်ချက်တွေကို လျှော့လာတယ်။ ဒါက စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အင်မတန်မှ ကောင်းပါတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) မှ ဗဟိုအလုပ်မှုဆောင်တဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံကြီးများက ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ ရုပ်သိမ်းပေးခဲ့သည်။

Ref: ဧရာဝတီ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes