Friday 20 April 2012

NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု

လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့စကားရပ်နဲ့ ကျိန်ဆိုရမှာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို တင်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ နေပြည်တော် အခြေခံဥပဒေခုံရုံးက ဒီစကားရပ်ကို ပြန်လည်ပြင်ဆင်ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။
MRTV
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့နောက်မှာ NLD ရဲ့ တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။

"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့အကြောင်း သူကရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူး မဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"

အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတစ်ခုပဲ ဖြစ်သေးတဲ့အတွက် သမ္မတအပါအဝင် အစိုးရတစ်ဖွဲ့လုံးရဲ့ သဘောထား မဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အခုလို အခြေခံဥပဒေခုံရုံးက ပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ခြေ မရှိသေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေ အနေနဲ့ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိပြုရတာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလည်း ဒီစကားရပ်နဲ့ ကျမ်းကျိန်ရမှာ ဖြစ်တဲ့အတွက် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ကာကွယ် စောင်ရှောက်ပါမည် ဆိုတဲ့စကားရပ်ကို ပြင်ဆင်ခွင့် တင်ပြထားတာ ဖြစ်ပါတယ်။

Ref: RFA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes