![]() |
ဓါတ်ပုံ (မြင့်ရွှေ-ဖေ့စ်ဘုတ်) |
Bangkok Post သတင်းစာတွင်ပါရှိခဲ့သော ဦးခင်ညွန့်နှင့် တွေ့ဆုံခြင်းဆောင်းပါးနှင့်ပတ်သက်၍ မူရင်းစာရေးသူ ဦးမြင့်ရွှေက သူ၏ facbook စာမျက်နှာတွင် ပြန်လည်ရှင်းလင်းရေးသား ထားပြီဖြစ်ကြောင်းတွေ့ရသည်။
ဦးခင်ညွန့်နှင့်သူသည် ၂၀၁၂ ခုနှစ် မတ်လလယ်ခန့်တွင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သူ့အနေနှင့်အသံဖမ်းယူထားခြင်းမရှိပဲ ဦးခင်ညွန့်တို့ဖက်ကသာလျှင် အသံဖမ်းယူထားခြင်းရှိကြောင်း၊ မှတ်တမ်းဓာတ်ပုံကိုပင်လျှင် ဦးခင်ညွန့်၏ မိတ်ဆွေတစ်ဦးက သူ့ကိုရိုက်ပေးထားခြင်းဖြစ်ကြောင်း၊ ဦးခင်ညွန့်သည် သူ့အား ပြည်ပမီဒီယာသမားတစ်ဦးအဖြစ် လက်ခံတွေ့ဆုံခြင်းမဟုတ်ပဲ၊
မြန်မာလူမျိုး တစ်ဦးအဖြစ်သာလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ရွှေကရေးသားထားသည်။

"မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် အလျဉ်းသင့်သလို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်ဆောင်းပါးများ
ရေးသားလေ့ရှိပြီး၊ယခုသူနှင့်တွေ့ဆုံခြင်းကိုလည်း ပြန်လည်ရေးသားမည့် ရည်ရွယ်ချက်
ကျွန်တော့်တွင်ရှိကြောင်းကိုတော့ ဦးခင်ညွန့်သိပြီးသားဖြစ်မည်ဟု ကျွန်တော်နားလည်ပါသည်"ဟု ဦးမြင့်ရွှေကဆိုသည်။
သို့ရာတွင် ယခု Bangkok Post သတင်းစာတွင် ပါလာသော သူ့ဆောင်းပါးမှာ မူလသူရေးသားပေးပို့ထားသည်နှင့်ကွဲလွဲချက်များပါရှိကြောင်း ဦးမြင့်ရွှေကရှင်းပြထားသည်။

သူသတင်းစာတိုက်သို့ပေးပို့စဉ်က ဆောင်းပါး၏ ခေါင်းစဉ်ကို "ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်ခဲ့သည့်
မြန်မာ့ထောက်လှမ်းရေးအကြီးအကဲဟောင်း(Burma-ex-spyboss is a reformed man.)" ဟုရေးသားထားသော်လည်း သတင်းစာတွင်ပါလာသောအခါတွင်မူ ယင်းခေါင်းစဉ်မဟုတ်တော့ကြောင်း၊ စာသား အထားအသိုများနှင့်အရေးအသားဟန်ပါမတူတော့သည့်အပြင် သူမရေးသားခဲ့သည်တို့လည်း ပါလာကြောင်းကိုလည်း ဦးမြင့်ရွှေကရှင်းပြထားသည်။
အဓိကကျသောအချက်ဖြစ်သည့် ဦးခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းစာပိုဒ်တွင်မူ အတော်လေးခြားနားသွားသဖြင့် အငြင်းပွားမှုများပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း ဦးမြင့်ရွှေကရေးသား ရှင်းလင်းထားသည်။
ဦးမြင့်ရွှေ Bangkok Post သတင်းစာဆီသို့ ရေးသားပေးပို့ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့သည်ဟု ဦးခင်ညွန့်ကပြောကြားကြောင်း လုံးဝမရေးသားခဲ့။ သူ၏လေ့လာသုတေသနပြုချက်များအပေါ် အခြေခံ၍သာလျှင်အမှန်ဟု သူယုံကြည်သည်တို့ကိုရေးသား ခဲ့ခြင်းဖြစ်ကြောင်းသူကရှင်းထားသည်။
ထိုသို့ရေးသားခဲ့သော်လည်း သတင်းစာထဲဝယ်ပါလာသည်တွင်မူ သူရေးသားပေးပို့ခဲ့သည်နှင့်မတူတော့ပဲ ဦးခင်ညွန့်က ပြောပြသည့်ဟန်ဖြစ်နေကြောင်း ဦးမြင့်ရွှေကရှင်းပြထားသည်။
Bangkok Post သတင်းစာမှ စာပြင်များသည် ဦးမြင့်ရွှေရေးသားသည့် စာသားများထဲမှ ဝေါဟာရတစ်ခုဖြစ်သည့်"အလျှင်အမြန်(snap)" ကိုလည်း "လုယူသည်(snatch)" ဟု မှားယွင်းခဲ့ကြကြောင်းသူကထောက်ပြထားသည်။
အမှန်အားဖြင့်မူ သူသည် ယင်းဆောင်းပါးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ရှု၍
စေတနာကောင်းဖြင့် ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ရွှေကဆိုသည်။
"ကျွန်တော့်ဆောင်းပါးနှင့်ပတ်သက်၍ ပြည်သူ့ရဲရုံးဌာန၀ယ် စာနယ်ဇင်းရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်ဆိုသောကြောင့် ကျွန်တော်အပါအ၀င် လူအများ နားလည်ရခက်ကာ ဇဝေဇ၀ါတွေဖြစ်ကုန်ကြပါသည်" ဟု ဦးမြင့်ရွှေကဆိုထားပါသည်။
Popular Myanmar News Journal
Ref: MNN
0 comments:
Post a Comment