Monday 16 April 2012

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေတဲ့ အခုလိုကာလမျိုးမှာ ဘာသာရေးအရ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေကို ရှောင်ရှားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံလိုက်တာ ဖြစ်တယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ်တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို အချိန်အခါမျိုးမှာ သည်းခံပါ။ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်အောင် ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ဘူး။ ဘယ်နိုင်ငံဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရခက်ကြတယ်။ အဲဒါကြောင့်မို့ မဖြစ်စေချင်လို့ ဒီလိုပြောလိုက်ရတာပါ"

ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

Ref: RFA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes