Monday 16 April 2012

စတီဗင်ဟော့ခ်ကင်းနှင့် အိုင်စတိုင်းတို့အား တုပြိုင်မည့် လေးနှစ်သမီး ပညာပါရမီရှင် ဟိုင်ဒီဟန်ကင်း

ထို့ထက်မြင့်သော တောင်တစ်လုံးရှိသေးသည် ဟူသည့် မြန်မာစကားပုံတစ်ခုရှိပါသည်။ အကျော်ဇေယျ သိပ္ပံပညာရှင်ကြီးများ ဖြစ်သည့် စတီဗင်ဟော့ခ်ကင်းနှင့် ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်းတို့၏ ဥာဏ်ရည်ကို တုယှဉ်နိုင်သူ လေးနှစ်သမီးလေး ဘရိန်နီဟိုင်ဒီဟန်ကင်းကို ဗြိတိန်ရှိ Mensa (IQ - ဥာဏ်ရည်အတိုင်းအတာ စမ်းသပ်စစ်ဆေးရေး အဖွဲ့အစည်း) က စမ်းသပ်ပြီးနောက် အသိအမှတ်ပြုလိုက်ပါသည်။


ကျောင်းပင်မတက်ရသေးသည့် ဟိုင်ဒီ၏ ပညာဥာဏ်ပါရမီကြီးရင့်ပုံကို မူကြိုဆရာဆရာမများ၏ ချီးကျူးပြောဆိုမှုများအရ Mensa အဖွဲ့က လာရောက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ Mensa အဖွဲ့၏ IQ စမ်းသပ်မှုအရ ဟိုင်ဒီ၏ IQ ရမှတ်မှာ အလွန် အံ့သြဂုဏ်ယူဖွယ်ရာ ၁၅၉ မှတ်အထိ ရရှိခဲ့သည်။ စကြ၀ဠာမဟာပေါက်ကွဲမှုသီအိုရီ Big Bang အား ဖော်ထုတ်ခဲ့သူ ပညာရှင် စတီဗင်ဟော့ခ်ကင်းနှင့် ရီလေတီဗတီ သီအိုရီ Relativitiy Theory ၏ ဖခင်ကြီး အဲလ်ဘတ်အိုင်စတိုင်းတို့၏ IQ ရမှတ်မှာ ၁၆၀ စီ ရှိနေသဖြင့် ထိုပါရမီရှင်ကြီး ၂ ဦးတို့ထက် တစ်မှတ်သာ လျော့နည်းသည့် ဥာဏ်ကြီးရှင် ကလေးမလေးဖြစ်ပါသည်။
သာမန်လူလတ်ပိုင်းအရွယ်တို့၏ IQ ရမှတ်သည် ပျမ်းမျှ ၁၀၀ တွင်သာရှိပြီး ထက်မြက်သည့် ဥာဏ်ပညာအထုံပါသူများတွင် IQ ရမှတ် ၁၃၀ အထိ ရရှိနိုင်ကြသည်။


ဟိုင်ဒီသည် အသက် ၁၈ လ အရွယ်ကတည်းက သူ့ဘာသာကွန်ပျူတာ အကူအညီဖြင့် စာဖတ်တတ်ခဲ့သူလေးဖြစ်ကြောင်း၊ စကားသံစထွက်သည့် အရွယ်ရောက်ပြီး မကြာမတင်မှာပင် စကားအပြည့်အ၀ ပြောတတ်ခဲ့သူလေးလည်း သူမ၏ဖခင်က ပြောကြားခဲ့သည်။ မိဘ ၂ ပါးမှာ ဖခင် မတ်သယူး (၄၇ နှစ် - တက္ကသိုလ်ဆရာ) နှင့် မိခင် ဆိုဖီ (၄၃ နှစ် - ပန်းချီပညာရှင်) တို့ဖြစ်သည်။ စက်တင်ဘာတွင် ကျောင်းစဖွင့်သည့်အခါ တနှစ်အတန်းကျော်တက်မည်ဟု ဆိုကြသည်။

"သမီးလေး ၂ နှစ်အရွယ်မှာ အောက်စဖို့ဖတ်စာသစ်ပင်အုပ်တွဲ Oxford Reading Tree တစ်စုံလုံးကို ပေးခဲ့တယ်။ အတွဲ ၃၀ ကို တနာရီအတွင်း သမီးပြီးအောင် ဖတ်နိုင်ခဲ့တယ်။ ၇ နှစ်အရွယ်တွေသာ လုပ်တတ်တဲ့ဟာပါ။ မွေးကတည်း ဆူညံဆူညံ၊ ပွစိပွစိနဲ့ သမီးလေးက စကားပြောဖို့ ကြိုးစားခဲ့တယ်။ တနှစ်သမီးအရွယ်မှာတော့ ဝေါဟာရအတော်ကြွယ်ဝနေပြီ။ စကားစပြောတာနဲ့ တပြိုင်တည်းမှာ ၀ါကျအပြည့်အစုံကို ပြောတော့တာပါပဲ။" သမီးမှာ ငယ်ရွယ်စဉ်ကတည်းက စာဖတ်နေကြောင်းကိုလည်း ဖခင်ဖြစ်သူ ဒေါက်တာဟန်ကင်းက ရှင်းပြခဲ့သည်။  ၁၄ လအရွယ်တွင် မင်းသမီးများ၊ တိရိစ္ဆာန်ရုပ်ပုံများကို ရေးဆွဲနိုင်နေလေပြီ။ အရွယ်တူများမှာမူ စာရွက်ပေါ်တွင် ရေးခြစ်ရုံသာ လုပ်တတ်သေးသည်။

 ဗြိတိန်နိုင်ငံ ဟန့်ပြည်နယ် ၀င်ချက်စကာမြို့တွင် နေထိုင်လျက်ရှိသူ ဟိုင်ဒီလေးသည် ၁၈ လသမီးအရွယ်က ကွန်ပျူတာဖြင့် မိမိဖာသာ စာဖတ်သင်နေကြောင်း မိဘများ အံ့သြဖွယ်တွေ့ရှိခဲ့သည်။ အရွယ်ရောက်လာသည့်အခါတွင်လည်း ဥာဏ်ရည်မှာ ပြောင်းလဲသွားဖွယ်မရှိဟု Mensa အဖွဲ့ကဆိုပါသည်။

မြတ်ပန်းရှင်
Ref: မောက္ခနိုင်ငံတကာပညာရေးသတင်း

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes