Friday 20 April 2012

မြန်မာ့ကြွေးမြီ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော်ပစ်ရန်ဂျပန်စီစဉ်

ဂျပန်က မြန်မာနိုင်ငံ၏ အကြွေးဒေါ်လာ ၃ ဒသမ ၇ ဘီလျံ(ယန်း ၃၀၀ ဘီလျံ)ကို လျော်ပေးမည်ဖြစ်ပြီး ဆိုင်းငံ့ထားသော အထောက်အပံ့များ ပြန်ပေးရန် စီစဉ်နေကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ဧပြီလ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

မြန်မာသမ္မတဦးသိန်းစိန်နှင့် ဧပြီလ ၂၁ ရက်နေ့တွင်တွေ့ဆုံစဉ် ကြွေးမြီလျော်ပေးရေး အစီအစဉ်ကို ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ကြေညာဖွယ်ရှိကြောင်း သတင်းစာကဆိုသည်။ ကြွေးမြီလျော်ပေးမည့် အစီအစဉ်ကို ကြေညာမည့်အပြင် မြန်မာနိုင်ငံအတွက် ချေးငွေအစီအစဉ်ကိုလည်း ဂျပန်ကကြေညာဖွယ်ရှိသည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မည်ဖြစ်ပြီး မြန်မာခေါင်းဆောင်တစ်ဦး၏ ၂၈ နှစ်အတွင်း ပထမဆုံးဂျပန်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

ကြွေးမြီလျော်ပေးရေး အစီအစဉ် ပထမအဆင့်အနေဖြင့် သဘောတူညီထားသည့် ယန်း ၁၂၇ ဒသမ ၄ ဘီလျံလျော်ပေးရေးအစီအစဉ်ကို ကြေညာမည်ဖြစ်ပြီး ဒီမိုကရက်တစ်လုပ်ငန်းစဉ်များ တိုးတက်မှုအရှိန်အဟုန်ကို မူတည်ပြီး ကျန်သည့် ယန်း ၁၇၆ ဒသမ ၁ ဘီလျံကို လျော်ပေးမည်ဖြစ်ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ယခုသတင်းကို အတည်ပြုပေးရန်ငြင်းဆိုခဲ့ပြီး ''ကြွေးမြီအရေးကိစ္စ၊ မြန်မာနိုင်ငံကို ဂျပန်ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးရေးအစီအစဉ်တို့နှင့် ပတ်သက်ပြီး နှစ်နိုင်ငံဆွေးနွေးနေသည်မှာ မှန်ကန်ကြောင်း'' ပြောကြားခဲ့သည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes