Thursday 27 October 2011

ထိုင်းရေကြီးမှုနှင့် ဥရောပအကျပ်အတည်းကြောင့် ရော်ဘာဈေးနှုန်း ၁၄ လအတွင်း အနိမ့်ဆုံးသို့ကျဆင်း

b30_13
ဥရောပ၏ ကြွေးမြီအကျပ်အတည်း ကယ်ဆယ်ရေးမဟာဗျူဟာနှင့် ပတ်သက်၍ ပြင်သစ်နှင့် ဂျာမနီ သဘောထားကွဲလွဲနေသောကြောင့် ရော်ဘာဈေးနှုန်းသည် ၁၄ လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။
တိုကျို စတော့အိတ်ချိန်းတွင် မတ်လအတွက် ကြိုပေးဈေးကွက်၌ ရော်ဘာတစ်တန်လျှင် ၃၆၆၉ ဒေါ်လာသို့ ကျဆင်းသွားခဲ့ကြောင်း သိရပြီး ၂၀၁၀ ပြည့်နှစ် သြဂုတ်လ နောက်ပိုင်းအနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ဥရောပကြွေးမြီ အကျပ်အတည်းသည် အီတလီနှင့် စပိန်ကိုလည်း ခြိမ်းခြောက်လာနေချိန်တွင် ဥရောပဘဏ္ဍာရေး အကျပ်အတည်း တည်ငြိမ်မှုအတွက် ယူရို ၄၄၀ ဘီလျံ သုံးစွဲရန် ဥရောပခေါင်းဆောင်များက နည်းလမ်းများ ရှာဖွေနေသည်။
ဥရောပသမဂ္ဂသည် တရုတ်ပြီးလျှင် ရော်ဘာကို အများဆုံးသုံးစွဲသည့်ဒေသဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ရော်ဘာတန် ၁ ဒသမ ၁ သန်း သုံးစွဲခဲ့ကြောင်း စင်ကာပူအခြေစိုက် International Rubber Study Group က ပြောကြားခဲ့သည်။ ထိုင်းရေကြီးမှုကြောင့် ကားထုတ်လုပ်မှု များကျဆင်းခဲ့ရာ ရော်ဘာ ၀ယ်လိုအားလည်း ကျဆင်းလာနိုင်ကြောင်း စိုးရိမ်ခဲ့ကြသည်။ ထိုင်းရော်ဘာဈေးနှုန်းသည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ၁ ကီလိုဂရမ်လျှင် ၄ ဒသမ ၀၅  သို့ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထိုင်းရော်ဘာသုတေသနသိပ္ပံက ပြောကြားခဲ့သည်။ ထိုင်းသည် ယမန်နှစ်က ရော်ဘာတန် ၃ ဒသမ ၂ သန်းတင်ပို့ခဲ့သည်။

ထိုင်းတွင်ရေကြီးမှုကြောင့် တိုယိုတာနှင့် ဟွန်ဒါအပါအ၀င် ဂျပန်ကားထုတ်လုပ်သူများသည် တစ်ရက်လျှင် ကားထုတ်လုပ်မှု ၆၀၀၀ ခန့် လျော့ကျခဲ့ကြောင်း ဂျပန်ကားထုတ်လုပ်သူများအသင်းက ပြောကြားခဲ့သည်။ ဂျပန်ကားထုတ်လုပ်သူများသည် ယမန်နှစ်က ထိုင်းနိုင်ငံတွင် ကား ၁ ဒသမ ၆ သန်းထုတ်လုပ်ခဲ့ကြပြီး စုစုပေါင်း ထိုင်းကားတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို တင်ပို့ခဲ့ကြသည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes