Wednesday 26 October 2011

စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်

အမေရိကန် အစိုးရ၏ စေ့စပ်ညှိနှိုင်းမှု မဟာဗျူဟာအရ စေ့စပ် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်ရန်အတွက် အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်သည် မြန်မာနိုင်ငံသို့ နှစ်လအတွင်း ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် လာရောက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လအတွင်းက အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာညှိ နှိုင်းရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသော မစ်ချယ်သည် နှစ်ရက်ကြာ ခရီးစဉ် ထပ်မံလာရောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်ခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးစွာတွေ့ဆုံခဲ့ ပြီးနောက် ၂၅ ရက်နေ့တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ မူဝါဒရေးရာအရ စေ့စပ်ညှိနှိုင်းမှု ကို ဆက်လက်တည်ဆောက်ဖို့ အတွက် မြန်မာအစိုးရနဲ့ ပြည်တွင်းက သက်ဆိုင်တဲ့သူတွေနဲ့ တွေ့ဆုံဖို့ မကြာမီ လာရောက်ဖို့ စီစဉ်ထားပါတယ်”ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ပြောခွင့်ရအမျိုးသမီးက ခရီးစဉ်မတိုင်မီ ထုတ်ပြန်ထားခဲ့သည်။

“မြန်မာအာဏာပိုင်တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ ကာလရှည်ပူပန် နေခဲ့ရတဲ့ အဓိကကိစ္စတွေနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ရနိုင်သမျှ အခွင့်အလမ်းကို သုံးသွားမှာပါ”ဟု ၎င်းက ပြောကြားခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး လွှတ်ပေးရေးနှင့် အတိုက်အခံများ၊ တိုင်းရင်းသား လူနည်းစုများနှင့် တွေ့ဆုံ ဆွေးနွေးရေးတို့ပါ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အာရှအရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်သည့် မစ်ချယ်က မြန်မာနိုင်ငံသည် အားတက်ဖွယ်ရာ အပြောင်းအလဲ လက္ခဏာများ ပြသခဲ့ကြောင်း သုံးသပ်ခဲ့သည်။ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းစေလိုပါက ပိုမိုနက်ရှိုင်းသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး တိုင်းရင်းသား လူနည်းစုများ အရေးကိုင်တွယ်မှုနှင့် ပတ်သက်ပြီးလည်း ဝေဖန်ပြောကြားခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံရသူ ၂၀၀ ခန့် လွှတ်ပေးလိုက်ခြင်း အပေါ်ကြိုဆိုကြောင်း၊ သို့ရာတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် စိတ်အားထက်သန်မှုကို ပြသရန် ယခုထက် ပိုမိုလုပ်ဆောင်ရန် လိုကြောင်း ပြောကြားခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသည့် အကျဉ်းသားရှိနေသည် ဆိုခြင်းကပင် များနေကြောင်း မြန်မာနိုင်ငံသို့ စက်တင်ဘာလ အတွင်းက လာရောက် ခဲ့ပြီးနောက် ၀ါရှင်တန်တွင် ပထမဆုံးအကြိမ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ်ချယ်က ပြောကြားခဲ့သည်။

ဒီမိုကရေစီအတွက် အမှန်တကယ် စိတ်အားထက်သန်သည် ဆိုပါက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို အာဏာပိုင်များက လွှတ်ပေးရမည်ဖြစ်ကြောင်း မစ်ချယ်က ပြောကြားခဲ့သည်။

မစ်ချယ်၏ စက်တင်ဘာလ အတွင်းက ပထမဆုံးခရီးစဉ်တွင် အစိုးရသစ်ဝန်ကြီးများနှင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံခဲ့သည်။

မစ်ချယ်၏ ရာထူးအဆင့် အတန်းကို အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်လက်ထက် ၂၀၀၈ ခုနှစ် ကတည်းက ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း မည်သူ့ကိုမျှခန့်အပ်နိုင်ခဲ့ခြင်း မရှိဘဲ အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်ထက်တွင်မှ ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။
Ref:EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes