Sunday 23 October 2011

ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများမှ ရွေးချယ်ပေးသည့် အချိန်တွင် လွှတ်တော်မှလက်ခံသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထည့်သွင်းပြောကြား

745
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပစဉ်
ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူများမှ ရွေးချယ်ပေးသည့် အချိန်တွင် လွှတ်တော်မှ လက်ခံသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အောက်တိုဘာလ ၂၀ ရက်နေ့တွင်ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နော်ဝေ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောကြားချက် အရ သိရှိရသည်။
“ပြီးခဲ့တဲ့ နော်ဝေးနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးလာစဉ်က သူတို့ အတူပါလာတဲ့ မီဒီယာကရုတ်တရက် မိမိထံမေးမြန်းခွင့် တောင်းဆိုပါတယ်။ သူမေးတဲ့မေးခွန်းများကို ပြန်ဖြေ ကြားပေးခဲ့တာ မိမိနဲ့ အစည်းအဝေး မှာ တက်ရောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်များ ကြားသိပြီးဖြစ်ပါတယ်။ သူမေးတဲ့မေးခွန်း ငါးခုက လွှတ်တော်သက်တမ်း ခြောက်လ ကာလအတွင်း ဘာတွေများ ဆောင်ရွက်နိုင်သလဲ၊ အဲဒီအထဲက ဘာကို အကြိုက်ဆုံးလည်းလို့ မေးပါတယ်။ မိမိတို့လွှတ်တော်အတွင်းမှာ တက်ရောက်လာကြတဲ့၊ ပါဝင်လာကြတဲ့ လွှတ်တော် ကိုယ်စားလှယ်များဟာ ပါတီစွဲ၊ ၀ါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲများ မထားရှိကြဘဲ အားလုံးဟာ နိုင်ငံတော်နဲ့ နိုင်ငံသား များ၊ အများပြည်သူများအတွက် ဆောင်ရွက်မယ်ဆိုတဲ့ ဆန္ဒတူများ ချမှတ်နိုင်တဲ့အတွက် လွှတ်တော် သက်တမ်း ခြောက်လကာလမှာ အအောင်မြင်ဆုံးလို့ ဖြေခဲ့ပါတယ်။ နောက်မေးခွန်းတစ်ခုက ဒီနေ့လွှတ်တော်ကျင်းပပုံများကို သတင်းမီဒီယာများမှာ ဖော်ပြနေပါတယ်။ သတင်းမီဒီယာများ လာရောက်လေ့လာတဲ့နေရာမှာ အစိုးရမီဒီယာ တစ်ခုထဲပဲလားလို့ မေးပါတယ်။ မဟုတ်ဘူး အခြားပုဂ္ဂလိကမီဒီယာများ ပါသလို နိုင်ငံခြားမီဒီယာများလည်း ပါပါတယ်။ ဘယ်နိုင်ငံတွေ က မီဒီယာတွေ ပါတယ်ဆိုတာ ဖြေကြားခဲ့ပါတယ်။ နောက်တစ်ခုက ဒေါ်စုကြည်နဲ့ ပတ်သက်ပြီး လွှတ်တော်က လက်ခံနိုင်ပါသလားလို့ မေးပါတယ်။ တိုတိုပဲ ဖြေပါတယ်။ လက်ခံနိုင်ပါတယ်လို့ ဖြေခဲ့ပါတယ်။ ထပ်ဆင့်မေးတာက ဘယ်အချိန်၊ ဘယ်အခြေအနေတွေမှာ လက်ခံနိုင်ပါသလဲလို့ မေးပါတယ်။ အဖြေက တော့ သက်ဆိုင်ရာ ပြည်သူများက သူ့ကိုရွေးချယ်ပေးတဲ့အချိန်မှာ လွှတ်တော်က လက်ခံနိုင်ပါတယ် လို့ဖြေခဲ့ပါတယ်။ နောက်ဆုံး မေးခွန်းတစ်ခုက နိုင်ငံရေးအကျဉ်းသားများ ဘယ်တော့ လွှတ်ပေးမလဲလို့ မေးပါတယ်။ မိမိဖြေလိုက်တာက အကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်း သားရယ်လို့မဟုတ်ဘူး။ အကျဉ်း သားများ မကြာမီ လွှတ်ပေးမယ်လို့ ဖြေပါတယ်။ ဖြေတဲ့အခါ ရယ်ပါတယ်။ ရယ်ပြီးတဲ့အခါမှာ မကြာခင်ဆိုတာ ဘယ်တော့လဲလို့ မေးတဲ့အတွက် ရက်ပိုင်းအတွင်း လွှတ်ပေးနိုင်တယ်လို့ ဖြေခဲ့ပါတယ်။ ဒီအဖြေတွေပေါ် မူတည်ပြီး မီဒီယာများနဲ့ သက်ဆိုင်ရာ နိုင်ငံခြား တိုင်းပြည်များက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ မိမိတို့လွှတ်တော်ရဲ့ သဘော ထားနဲ့ လွှတ်တော်ရဲ့အခြေအနေကို ဒီလိုပဲဖြေကြားခဲ့ပါတယ်”ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes