Saturday 29 October 2011

ဘီလ်ဂိတ်နဲ့ စတိဗ်ဂျော့စ်တို့ အင်တာဗျူးခဲ့ရင် ထိုင်းဘွဲ့ရတွေ အလုပ်မရနိုင်

အောက်တိုဘာ ၁၇ ရက် ထိုင်းနေရှင်း သတင်းစာ အယ်ဒီတာ့အာဘော်က လက်ရှိ ထို်င်းပညာရေးစနစ်ကို ဝေဖန်သည်။ ဘီလ်ဂိတ်နဲ့ ကွယ်လွန်သွားတဲ့ စတိဗ် ဂျော့စ် တို့သာ ထိုင်းဘွဲ့ရတွေကို အင်တာဗျူးခဲ့ရင် တစ်ယောက်မှ အလုပ်ရမယ့်သူမရှိဟု ဆိုသည်။
မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်က 'စီးပွားရေးကို မောင်းနှင်ဖို့ အလုပ်နဲ့ ဆက်စပ်နိုင်မယ့် ကျွမ်းကျင်မှုတွေရအောင် တက္ကသိုလ်ကျောင်းသားတွေကို လေ့ကျင့်ပေးထားရမည်' ဟု ဆိုသည်။ ကွယ်လွန်သူ Apple ရဲ့ ဂျော့စ် က 'နည်းပညာကို အနုပညာရပ်၊ ၀ိဇ္ဇာ ဘာသာရပ်တွေ (humanities) နဲ့ပေါင်းစပ်ပြီး၊ လူတွေရဲ့ နှလုံးသားက အသံကို နားထောင်နိုင်မှသာ ရလဒ်ကောင်းတွေ ထွက်မည်ဟု ဆိုသည်။
အဲဒီ ဂုရုနှစ်ပါးရဲ့ အဆင့်အတန်းသတ်မှတ်ချက်တွေအတိုင်းဆိုလျှင် ထိုင်းနိုင်ငံ ဘွဲ့ရတွေ တစ်ဦးမှ ပြည့်မှီမှု မရှိဟု အယ်ဒီတာက ဝေဖန်ထားသည်။ ဘီလ်ဂိတ်က ခေတ်သစ် စက်ရုံအလုပ်ရုံကိုတွေ ဖြည့်ဆည်းဖို့ သက်ဆိုင်ရာ ပညာရပ်မှာ စမတ်ကျကျ ကျွမ်းကျင်တဲ့ ဘွဲ့ရတွေရှိဖို့လိုသည်ဟု ဆိုသည်။
ဒါပေမဲ လက်ရှိ ထိုင်း ပညာရေး သင်ရိုးညွန်းတမ်းတွေက အရူးလွယ်အိတ်လိုဖြစ်နေပြီး၊ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘွဲ့ရတစ်ယောက်ကို ဘာကျွမ်းကျင်မှုမှ မပေးနိုင်ဟု ဝေဖန်သည်။
ဖြန့်ဖောက်တွေးခြင်း
နောက် ထိုင်းသင်ရိုးညွှန်းတမ်းက ကျောင်းသားတွေကို critical thinking မြှင့်တင်မပေးနိုင်။ အထူးသဖြင့် စတိဗ်ဂျော့စ် ပြောတဲ့ အဆင့်မြင့်ပညာရေးရဲ့ ရည်မှန်းချက်ကို ရောက်အောင်မပို့နိုင်။ ဂျော့စ် က ကျောင်းသားတွေကို ဘောင်ခတ်ထားတဲ့ box ရဲ့အပြင်ဖက် ဖောက်ထွက်တွေးရမှာ မကြောက်ကြဖို့နဲ့ အရာရာတိုင်းကို တုံ့ပြန့်ပြူမှုနိုင်တဲ့ စွမ်းရည်တွေ (be resilient) ရှိဖို့ ပြောထားသည်။
အဲဒီအရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ ကျောင်းသားတွေရအောင် ထိုင်းပညာရေးက ဆောင်ရွက်မပေးနိုင်။ ထိုင်း ကောလိပ်တွေက အကောင်းဆုံး လူသားရင်းမြစ်တွေ ပေါ်ထွန်းလာအောင် ပြင်ဆင်မပေးနိုင်။ ဒီအတိုင်းသွားရင် ဘုရင့်နိုင်ငံအနေနှင့် အနာဂတ် စီးပွားရေး ပြိုင်ဆိုင်မှုတွေမှာ နောက်ကောက်ကျဖို့ ရှိနေသည်ဟု ဆိုသည်။
ထိုင်းရဲ့ ပညာရေး ညံ့ဖျင်းမှုကို ကမ္ဘာ့ဘဏ်ကလည်း အတည်ပြုပေးသည်။ ထိုင်းနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ပညာရေးစနစ်က လိုအပ်တဲ့ လုပ်သားဈေးကွက်အတွက် အဆင့်မှီဘွဲ့ရပညာတတ် တောင်းဆိုမှုကို ဖြည့်ဆည်းမပေးနိုင်ဟု သုံးသပ်ထားသည်။
ကမ္ဘာ့ဘဏ်ရဲ့ ၂၁ ရာစု ပညာရေး သဘောထားက 'တက္ကသိုလ်ကောလိပ် ပညာရေးဆိုတာ ဂလိုဘယ်စီးပွားရေး ပြိုင်ဆိုင်မှုမှာ မိမိနိုင်ငံ တိုးတက်မှုရအောင် လုပ်ပေးနိုင်မယ့် စမတ်ကျတဲ့ လူငယ်အင်အားစုမွေးထုတ်ဖို့ ဖြစ်သည်။ ထုတ်ကုန်နဲ့ ဆန်းသစ်တီထွင်မှုတွေ ထွက်လာအောင်၊ သုတေသနလုပ်ငန်းနဲ့ ကျွမ်းကျင်မှုတွေ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ဖြစ်သည်' ဟု ၄င်းရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြထားသည်။
ဂလိုဘယ် ပညာတတ်မရှိ
ကမ္ဘာ့ဘဏ်ရဲ့ ထိုင်းနိုင်ငံ ဒါရိုက်တာ Annette Dixon က "ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ထိုင်းဟာ တိုးတက်ခဲ့ပေမဲ့၊ အခု အဲဒီတိုးတက်နှုန်းကို ပုံမှန်ထိန်းထားဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်။ အနာဂတ် ကုန်ထုတ်လုပ်မှုအတွက် လူငယ်တွေကို အသေချာပြင်ဆင်ပေးမှု မရှိဘူး" ဟု ပြောခဲ့သည်။ အမှန်တော့ ထိုင်းတွေ ကမ္ဘာ့အဆင့်မှီအောင် ပညာမတတ်ဘူးဟု ယဉ်ယဉ်ကျေးကျေး ပြောလိုက်ခြင်းဖြစ်သည်။
အဓိကလုပ်ငန်းက သင်ရိုးညွှန်းတမ်းတွေနဲ့ စာသင်ကြားမှုပုံစံတွေ ပြုပြင်ပြောင်းလဲဖို့ ဖြစ်သည်။ လက်ရှိ ပညာရေး စနစ်အတိုင်းဆိုရင်တော့ ဘီလ်ဂိတ်နဲ့ စတိဗ် ဂျော့စ် တို့လို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ထိုင်းမှာပေါ်ပေါက်ဖို့ နောင်ဆယ်သက်တောင် မဖြစ်နိုင်ဟု ဝေဖန်ထားသည်။
ဝင့်ထန်း
Ref: မောက္ခပညာရေးမဂ္ဂဇင်း

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes