Thursday 27 October 2011

ငွေလဲနှုန်းပြောင်းလဲရန်၊ လွတ်လပ်သောကုန်သွယ်ရေးဒေသ တည်ထောင်နိုင်ရန်နှင့် တရားမ၀င်နိုင်ငံခြားငွေကြေး ၀င်ရောက်မှုကို ထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ အဓိကဆွေးနွေးနေ

b30_02
ငွေလဲနှုန်းပြောင်းလဲရန်၊ လွတ်လပ်သောကုန်သွယ်ရေးဒေသ တည်ထောင်နိုင်ရန်နှင့် တရားမ၀င်နိုင်ငံခြားငွေကြေး ၀င်ရောက်မှုတို့ကို ထိန်းချုပ်နိုင်ရန် နိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ အဓိက ဆွေးနွေးနေကြောင်း သတင်းရရှိ ပါသည်။
ထို့ပြင် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန်  ဗဟိုဘဏ်က လုပ်ငန်းရှင်များထံမှ အကြံပြုချက်များ ရရှိနိုင်စေရန် ဖိတ်ခေါ်ထားကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
''ငွေလဲနှုန်း ပြောင်းလဲနိုင်ဖို့၊ လွတ်လပ်တဲ့ကုန်သွယ်ရေးဒေသ တည်ထောင်နိုင်ဖို့နဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားငွေကြေးတွေကို ထိန်းချုပ်နိုင်ဖို့တို့ကို အဓိကထားပြီး ဗဟိုဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ ဆွေးနွေးနေပါတယ်။ ပြုပြင်ပြောင်းလဲမှု တော်တော်များများ ဖြစ်လာမှာပါ။ ၂၀၁၅ မှာ အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဒေသက လာတော့မယ်။ မြန်မာနိုင်ငံအနေနဲ့ တခြားအာဆီယံနိုင်ငံ တွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့၊ အားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်သွားဖို့ လိုမှာပါ။ လိုအပ် တဲ့ဥပဒေတွေကိုလည်း ရေးဆွဲနေပြီး လုပ်ထုံးလုပ်နည်းတွေကိုလည်း တခြားနိုင်ငံတွေနဲ့တန်းတူဖြစ်အောင် မူဝါဒ ချမှတ်သွားမယ်လို့ သိရပါတယ်'' ဟု ဗဟိုဘဏ်နှင့်နီးစပ်သည့် ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်၍ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မှုကို စတင်ကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံကဲ့သို့ ပြင်ပနှင့်နိုင်ငံခြားကုန်သွယ်မှုကို မှီခိုအားထားနေရသော နိုင်ငံတစ်ခုအနေဖြင့် တည်ငြိမ်သော ငွေလဲနှုန်းထားကို ထိန်းထားနိုင်ရန်နှင့် ကုန်သွယ်မှုကို မြှင့်တင်နိုင်ရန် အရေးကြီးကြောင်း၊ ယခုအချိန်အထိ ငွေလဲနှုန်းအမျိုးမျိုး ဖြစ်ပေါ်လျှက်ရှိပြီး ငွေလဲနှုန်းတစ်မျိုးတည်းအဖြစ် ပြင်ဆင်ပြောင်းလဲပြီးဖြစ်ပါက ဟွန်ဒီဟုခေါ်သော ငွေလဲလှယ်မှုစနစ်မှတစ်ဆင့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူများထံမှ ပြည်တွင်းသို့ လွှဲပို့သောငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ နိုင်ငံခြားငွေဖြင့်လည်းကောင်း၊ ကျပ်ငွေဖြင့်လည်းကောင်း တရားမ၀င် တင်သွင်းလာသော အရင်းအနှီးများ နည်းပါးနိုင်ဖွယ်ရှိပြီး ခန့်မှန်းတွက်ချက်နိုင်မည့် အနေအထားများ ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရှင်များက ထင်မြင် သုံးသပ်ကြောင်း သိရပါသည်။

၂၀၁၅ မှာ အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဒေသက လာတော့မယ်။ မြန်မာနိုင်ငံအနေနဲ့ တခြားအာဆီယံနိုင်ငံတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့၊ အားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်သွားဖို့ လိုမှာပါ။ လိုအပ်တဲ့ဥပဒေတွေကိုလည်း ရေးဆွဲနေပြီး လုပ်ထုံးလုပ်နည်းတွေကိုလည်း တခြားနိုင်ငံတွေနဲ့တန်းတူဖြစ်အောင် မူဝါဒချမှတ်သွားမယ်လို့သိရ . . 
လက်ရှိ မြန်မာအစိုးရအနေဖြင့် ရ-သုံးငွေ ဘဏ္ဍာရေးရှင်းတမ်း လိုငွေ ပြမှုပမာဏကို လျော့ချရန် ကြိုးပမ်းနေပြီး အမြတ်အစွန်းမပြဘဲ အရှုံးပေါ်နေသော နိုင်ငံပိုင်လုပ်ငန်းအချို့ကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချ ပြီးဖြစ်သည်။ ထို့ပြင် ကျောက်စိမ်း နှင့် သဘာဝဓာတ်ငွေ့မှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိလာမှုကြောင့် ပုဂ္ဂလိကကုန်သွယ်ရေးမှရရှိသော နိုင်ငံခြားငွေများကို ထုတ်ယူသုံးစွဲမှုများနှင့် ပို့ကုန်သွင်းကုန်ထိန်းချုပ်မှု နည်းပါး လာခြင်းကြောင့် ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးနိုင်ရန် အလားအလာကောင်းလာသည်ဟု ပညာရှင်များက ယူဆထားကြောင်း သိရသည်။
အစိုးရအဖွဲ့က ယခင်သတ်မှတ်ထားသော အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခြောက်ကျပ်ဝန်းကျင်ငွေလဲနှုန်းကို ပြင်ဆင်ပြောင်းလဲမည်ဟု တရားဝင်ကြေညာထားပြီး ယခုအချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စတင်ဆွေးနွေးနေပြီ ဖြစ်ပါသည်။အခြားတစ်ဖက်တွင်လည်း မည်သည့်နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းထား ထားရှိသည်ဖြစ်စေ နိုင်ငံ၏ဘဏ္ဍာရေးရ-သုံးငွေရှင်းတမ်း တည်ငြိမ်မှုရှိရန် လိုအပ်ကြောင်းနှင့် နိုင်ငံ၏ဘဏ္ဍာရေး ရ-သုံးငွေရှင်းတမ်းကြောင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားကို ထိခိုက်စေသောအခြေအနေ မဖြစ်စေသင့်ကြောင်း ပညာရှင်များက သုံးသပ်ပါသည်။
''ငွေလဲနှုန်းတစ်ခုက လက်တွေ့ကျတဲ့နှုန်းထားတစ်ခု ဖြစ်သင့်တယ်။ နောက်ပြီး နှုန်းရှင်မျောတဲ့စနစ်ကို ပိုကြိုက်တယ်။ နှုန်းသေထားတယ်ဆိုရင် ထိန်းနိုင်ဖို့လိုတယ်။ အခု ခြောက်ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက် ဈေးက တစ်မျိုးဖြစ်နေရင် သတ်မှတ်ချက်က အလကား ဖြစ်သွားမယ်။ ထိပ်တန်းစီးပွားရေးဖွံ့ဖြိုးတဲ့ နိုင်ငံတွေကိုကြည့်ရင်လည်း နှုန်းရှင်သတ်မှတ်ထားတာများတယ်။ နောက်ပြီး ငွေလဲနှုန်းပြင်ဆင်ပြောင်းလဲပေမယ့် အစိုးရ ရ-သုံးငွေရှင်းတမ်း လိုငွေပြတာများရင် ငွေလဲနှုန်းကို လာပြီးသက်ရောက်မှုရှိတယ်။ ဒါကြောင့် ဘတ်ဂျက် လိုငွေပြတာကို လည်းလျော့နိုင်ဖို့လိုတယ်။ အခုလို ဗဟိုဘဏ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးတာ ကောင်းတယ်။ ရလဒ်ကောင်း ထွက်လာနိုင်မယ်လို့ ယူဆတယ်။ နိုင်ငံတကာရဲ့ယုံကြည်မှုလည်း တိုးလာနိုင်တယ်။ လက်တွေ့ကျတဲ့ ငွေလဲနှုန်းဖြစ်ရင် တရားမ၀င် ၀င်ရောက်နေတဲ့ နိုင်ငံခြားအရင်းအနှီးတွေ၊ နိုင်ငံခြားရောက် မြန်မာတွေရဲ့ ဟွန်ဒီစနစ်နဲ့ အိမ်ကိုပြန်ပို့တဲ့ နိုင်ငံခြားငွေတွေကို တရားဝင်လမ်းကြောင်းက ၀င်လာနိုင်စရာရှိတယ်။ ဒါဆို ပြည်တွင်းမှာရှိနေတဲ့၊ လည်ပတ်နေတဲ့ နိုင်ငံခြားငွေပမာဏကို ခန့်မှန်းတွက်ချက်လာ နိုင်မယ်။ ထင်သာမြင်သာ ရှိလာမယ်။ အလုပ်လုပ်ရတာ ချောမွေ့လာနိုင်တယ်'' ဟု ပါမောက္ခဒေါ်လှမြင့်က ထင်မြင်ချက်ပေးပါသည်။
ပါမောက္ခဒေါ်ရီရီမြင့်ကလည်း''လက်တွေ့အလုပ်လုပ်ဖို့မဖြစ်နိုင်တဲ့ ငွေလဲလှယ်နှုန်းချမှတ်မိရင် ဈေးကတစ်မျိုးမက ရှိနေမှာပါ။ နှုန်းရှင်ပဲဖြစ်ဖြစ်၊ နှုန်းသေပဲဖြစ်ဖြစ် ဗဟိုဘဏ်က ထိန်းချုပ်နိုင်ဖို့ လိုတယ်။ ဗဟိုဘဏ်ရဲ့ အရည်အချင်းက အဓိကကျတယ်။ ဥပမာ တစ်ဒေါ်လာကို ကျပ် ၈၀၀နဲ့ ကျပ် ၉၀၀ ကြားမှာ နှုန်းရှင်ထားမယ်ဆိုရင် အဲဒီ ကျပ် ၈၀၀ နဲ့ ၉၀၀ ကြားမှာပဲရှိနေအောင် လုပ်နိုင်ဖို့ လိုတယ်။ ဈေးကွက်သဘော ပီသဖို့လိုတယ်။ ငွေလဲနှုန်းဆိုတာလည်း ဈေးကွက်တစ်ခုပဲ။ ရောင်းလိုအားနဲ့ ၀ယ်လိုအားပေါ်မှာပဲ မူတည်တယ်။ အခုလည်း ပြင်ပငွေလဲနှုန်းကိုကြည့်ရင် ဈေးက တစ်နေ့နဲ့တစ်နေ့မှ မတူဘဲ။ မနက်ဈေးတစ်မျိုး ညဈေးတစ်မျိုး ဖြစ်ချင် ဖြစ်မှာပါ။ ဒါကြောင့်နှုန်းရှင်ထားလည်း ဖြစ်နိုင်ပါတယ်။ အဓိကက ဘောင်တစ်ခုပေါ့၊ ဈေးကွက်အတိုင်းအတာက ဆိုးရွားလာပြီဆိုရင် ဗဟိုဘဏ်က ၀င်ပြီးထိန်းကျောင်းနိုင်ဖို့ ပြင်ဆင်ထားသင့်တယ်။ အားလုံးလက်ခံနိုင်တဲ့ ငွေလဲနှုန်းဖြစ်လာပြီဆိုရင် တရားမ၀င်တာတွေလည်း တရားဝင်ဖြစ်လာဖို့ လမ်းတစ်ခုပေါ်လာနိုင်မယ်။ တရားမ၀င်ဝင်နေတဲ့ နိုင်ငံခြားအရင်းအနှီးတွေလည်း တရားဝင်ဖြစ်လာနိုင်တယ်။ အဓိက က တရားဝင် မှန်မှန်ကန်ကန် လုပ်ချင်စိတ်ရှိလာအောင် အစိုးရက လမ်းကြောင်းဖော်ပေးနိုင်ဖို့လိုတယ်'' ဟု  သုံးသပ်ပါသည်။
Ref: EMG
 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes