Friday 25 May 2012

ဆန္ဒပြမှုများ အကြမ်းဖက် မဖြိုခွင်းရန် အာဆီယံ အကြီးအကဲ သတိပေး

မဇ္ဈိမသတင်းဌာန ။          ။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများသည် ဒီမိုကရေစီ စနစ်တရပ်အတွက် ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ပြီး အစိုးရ အနေဖြင့် ထိုဆန္ဒပြမှုများကို ထိပ်တိုက်ရင်ဆိုင်တွေ့ကာ အင်အားသုံးဖြေရှင်းသည့် လမ်းစဉ်ကို မသုံးဘဲ ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းတတ်ရန် လေ့လာသင်ယူဖို့ လိုအပ်ကြောင်း အာဆီယံ အကြီးအကဲ က ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

နိုင်ငံသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို မြန်မာအာဏာပိုင်များ အနေဖြင့် အကြမ်းဖက် အင်အားသုံးနှိမ်နင်းခြင်း မပြုလုပ်ရန် အရေးကြီးသည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

လျှပ်စစ်မီး အချိန်မှန် ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ အစပိုင်းရက်များတွင် အာဏာပိုင်များက သည်းခံခဲ့သော် လည်း ကြာသပတေးနေ့ကမူ ပြည်မြို့တွင် ဆန္ဒပြသူများအား ရဲများက ဖြိုခွင်းခဲ့ပြီး မန္တလေးမြို့တွင်လည်း NLD အဖွဲ့ဝင် အများအပြားကို ဖမ်းဆီး ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်း၍ ပြန်လွှတ်ပေးခဲ့သည်။

“တကယ်လို့ နိုင်ငံတနိုင်ငံ ဒါမှမဟုတ် လူ့အဖွဲ့အစည်း တရပ်ဟာ ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးဖို့ ဆန္ဒပြင်းပြနေတယ် ဆိုရင် အဲဒီနိုင်ငံဟာ လူထုလှုပ်ရှားမှုတွေ၊ ဖိအားတွေ၊ တောင်းဆိုမှုတွေ၊ ပဋိပက္ခတွေ၊ သဘောထား တင်းမာမှုတွေ၊ တခါတရံမှာ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ရိုက်တာ သတင်းဌာနက Surin Pitsuwan ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

“နိုင်ငံတနိုင်ငံ ဒါမှမဟုတ် အစိုးရတရပ်ဟာ ဒါတွေကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းမှစ၍ အာဏာရှင် အဆက်ဆက်သည် လူထု ဆန္ဒပြမှုများအား အကြမ်းဖက် အင်အားသုံး နှိမ်နင်းသည့် လမ်းစဉ်ကို နှစ်ပေါင်း ၅ဝ နီးပါးခန့် အသုံးပြုခဲ့ကြသည်။

ယခု ဆန္ဒပြမှုများသည် မြန်မာအစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများအတွက် တကယ့် စမ်းသပ်စိန်ခေါ်မှု တခုသဖွယ်လည်း ဖြစ်နေသည်ဟု နိုင်ငံရေး အကဲခတ် များက ရှုမြင်ကြသည်။

ဆန္ဒပြသူများအပေါ် အကြမ်းဖက် နှိမ်နှင်းမှုများသည် လက်ရှိအစိုးရနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ကာ မြန်မာနိုင်ငံ အပေါ် စီးပွါးရေးပိတ်ဆို့ အရေးယူမှုများအား ဖြေလျှော့ ဖယ်ရှားပေးနေကြသည့် ဒီမိုကရက်တစ် အစိုးရများ၏ တုံ့ပြန် အရေးယူမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုကြသည်။

Surin Pitsuwan က မြန်မာနိုင်ငံ၏ ရေပြတ်လပ်မှု ပြဿနာ၊ အစားအစာ ရှားပါးမှု ပြဿနာ၊ သယ်ယူပို့ဆောင်ရေးပြဿနာများနှင့် ပတ်သတ်၍ အာဆီယံ အနေဖြင့် အဖွဲ့ဝင် နိုင်ငံများ၏ အတွေ့အကြုံများကို မျှဝေပေးကာမြန်မာနိုင်ငံအား ကူညီရန် အသင့်ရှိသည်ဟု ဆိုခဲ့သည်။

အာဆီယံ ၁ဝ နိုင်ငံအနက် အဆင်းရဲဆုံး နိုင်ငံများတွင် အပါအဝင် ဖြစ်သည့် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆ဝ ခန့်အား လျှပ်စစ်မီး ပေးနိုင်ရေး ပြဿနာသည် မြန်မာအစိုးရ ရင်ဆိုင်နေရသည့် ပြဿနာများထဲမှ တခုဖြစ်သည်။

မြန်မာနိုင်ငံရှိ လူလေးယောက်တွင် တယောက်နှုန်းသာ (၂၅ ရာခိုင်နှုန်း) လျှပ်စစ်မီး သုံးစွဲနိုင်သည်ဟု ခန့်မှန်းချက်များက ဆိုသည်။

ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူများက မြန်မာနိုင်ငံ၌ တနေ့လျှင် ၆ နာရီခန့်မျှသာ အလှည့်ကျ လျှပ်စစ်မီး ရရှိနေချိန်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လျှပ်စစ်မီး ရောင်းချနေသည့် မူဝါဒကိုလည်း မေးခွန်းထုတ် ဝေဖန်နေကြ သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes