Monday 21 May 2012

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အချက် ၁၂ ချက်ကို သဘောတူ လက်မှတ်ရေးထိုး

ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခမ်းအနားအား တွေ့ရစဉ်
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချက် ၁၂ ချက်ကို ကျိုင်းတုံမြို့ ကြိဂံတိုင်းစစ်ဌာနချူပ်တွင် မေလ ၁၉ ရက် နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းက ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ဗိုလ်ချုပ်စိုးထွဋ်၊ ဗိုလ်ချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ဗိုလ်မှူးကြီးအောင်သူတို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က ဦးဆောင်ပြီး ဦးတင်ခေး၊ ဦးစ၀်ခွန်ဆိုင်း၊ ဦးအောင်မောင်း၊ ဦးစ၀်ဟန်ယောင်ဟွေ၊ ဦးဘောင်ခေး၊ ဦးစိုင်းလူး၊ ဦးအောင်တိန်း၊ ဦးစ၀်ပင်ခမ်း၊ ဦးစ၀်ခွန်မိဏ်း၊ ဦးစိုင်းငင်း၊ ဦးစိုင်းဟန်တို့ တက်ရောက်ခဲ့ကြသည်။

''ထာဝရငြိမ်းချမ်းရေးအတွက် နောက်ဆုံးအဆင့် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတကြီး အမိန့်ရှိသကဲ့သို့ Political Player များနှင့် အချိန်တိုအတွင်း စုံစုံညီညီ သဘောတူ လက်မှတ်ရေးထိုးနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျက် ပွင့်လင်းမြင်သာတဲ့၊ ပရိယာယ်မရှိသည့် နှစ်ဘက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆက်လက် ဆွေးနွေးသွားကြမည်ဖြစ်ပါတယ်''ဟု ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

''ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလာတာဟာ ပြည်ထောင်စုအဆင့်ဆိုရင်ပဲ ဒုတိယအကြိမ်ဖြစ်ပါတယ်။ အခုကျွန်တော်တို့ ဒုတိယအကြိမ် ဆွေးနွေးမှာကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဘက်ဘက်နဲ့ လက်တွဲ ပူးပေါင်းပြီး မဆောင်ရွက်ရင် ဒီမူးယစ်ဆေးဝါးဆိုတာ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးဟာ အင်မတန်မှ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပြည် သူလူထုတွေရဲ့ဘ၀ကို မြှင့်တင်ပေးရေး၊ ပြုစုပျိုးထောင်ပေးရေး ကိစ္စများနဲ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်သွားမယ့် အချက်ပဲ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေအတွက် ဘိန်းအစားထိုး စိုက်ပျိုးဖို့ ဘယ်လိုနည်းပညာတွေ ပေးရမလဲ။ ဘယ်လို ဈေးကွက်ရှာပေးရမလဲ။ ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲဆိုတာ အဓိကကျတဲ့ အချက်တွေဖြစ်ပါတယ်''ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောကြားခဲ့သည်။

သဘောတူညီချက် (၁၂) ချက်
၁။ မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက်။
၂။ RCSS/SSA အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နေရာချထားပေးရေးနှင့် ပတ်သက်သည့် သဘောတူညီချက်။
၃။ RCSS/SSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အသက်မွေးဝမ်းကျောင်းရေးအတွက် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သဘောတူညီချက်။
၎။ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွတ်လပ်စွာ ထိန်းသိမ်းပျိုးထောင်ရာတွင် ပံ့ပိုးကူညီရန်။
၅။ ပရဟိတအဖွဲ့များဆိုင်ရာ သဘောတူညီချက်။၆။ သတင်းနှင့် စာနယ်ဇင်းဌာန ထူထောင်ခွင့်ပြုခြင်း။
၇။ အကျဉ်းကျခံနေရသည့် RCSS/SSA အဖွဲ့ဝင်များကိစ္စ။
၈။ ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့ကိစ္စ။
၉။ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ရေးကိစ္စ။
၁၀။ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေးကိစ္စ။
၁၁။ RCSS/SSA အဖွဲ့ဝင်များ အခြားသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စ။
၁၂။ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရေးကိစ္စ။
 
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes