Monday 21 May 2012

စီးပွားရေးပိတ်ဆို့မှုအား ဆိုင်းငံ့လိုက်သောကြောင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ ဘဏ်လုပ်ငန်း အပါအ၀င် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စတင်ဆောင်ရွက်

 
7338

အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့လိုက်သောကြောင့် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်း အပါအ၀င် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စတင်ဆောင်ရွက်နေပြီဟု သိရှိရသည်။

“အခုအမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ဆိုင်းငံ့တယ်လို့ ပြောပေမယ့် လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ အနေအထား တစ်ခုကိုရောက်သွားပါပြီ။ ဒေါ်လာလွှဲပြောင်းမှုတွေ အားလုံးကို ဘာပြဿနာမှမရှိဘဲ အကုန်လုံးလွှဲပြောင်း လုပ်ကိုင်လို့ ရသွားတဲ့သဘောပါ။ LC  (Letter of Credit) လည်း ဖွင့်လို့ ရပါပြီ။ လောလောဆယ် ပြည်တွင်းမှာရှိနေတဲ့ AD (Authorized Dea ler) လို လိုင်စင်ရဘဏ်တွေက နိုင်ငံခြား ဘဏ်လုပ်ငန်းတွေနဲ့ ချိတ်ဆက် ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်လို့ရနေပြီ။ အခုတလောပဲ လုပ်ငန်း သုံးခုလောက်လာပြီး ဆွေးနွေးကြတယ်။ အဲဒီအထဲမှာ ဘီလျံနာတွေ လည်းပါတယ်။ ပြီးတော့ အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွေလည်း လာတော့မယ်။ သူတို့အား လုံးဝင်ချလာပြီဆိုတော့ ဘဏ်လုပ်ငန်းတွေ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေက မူဝါဒမှန်ကန်စွာ ချမှတ်ပြီး လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေရော ၀န်ဆောင်မှုလုပ်ငန်းတွေ တော်တော်များများ အရှိန်အဟုန်နဲ့ တိုးတက်သွားနိုင်ပါ တယ်”ဟု ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
ယင်းကဲ့သို့ အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအား တစ်နှစ်ဆိုင်းငံ့လိုက်မှု အပေါ်  အများစုက ကြိုဆိုလိုက်ပြီး ကွဲပြားသော သဘောထားအမြင်များလည်း ရှိနေသေးသည်ကို သိရှိရသည်။

အလားတူ အီးယူနိုင်ငံများ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး ကဏ္ဍအလိုက် ထောက်ပံ့မှုများပေးနေ ကြောင်း၊ နိုင်ငံတော်မှ တစ်ဆင့်လည်း ကောင်း၊ UN အဖွဲ့အစည်းများမှတစ်ဆင့် လည်းကောင်း၊ NGO အဖွဲ့အစည်းများမှ တစ်ဆင့်လည်းကောင်း ၀င်ရောက်လာမှုများရှိကြောင်း သိရှိရသည်။ စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်၍မူ နော်ဝေအပါအ၀င် အီး ယူနိုင်ငံများမှ စတင်ဖြေလျှော့ပေးခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

“အထူးသဖြင့် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ သတ္တုတူးဖော်တဲ့ ကဏ္ဍတွေမှာ ၀င်လာပြီး ရင်းနှီးမြှုပ်နှံကြဖို့ များပါတယ်။ ထုတ်လုပ်မှု ကဏ္ဍမှာတော့ လက်ရှိ အနေအထားမှာလည်း နည်းသေးသ လို နောက်ထပ်ဝင်လာမယ့် အပိုင်းမှာလည်း အဲဒီဘက်အပိုင်းမှာ အား နည်းလိမ့်မယ်လို့သုံးသပ်ကြတယ်။ တစ်ခုစိုးရိမ်တာက Monsanto လို အမေရိကန် အခြေစိုက်ကုမ္ပဏီတွေ က မြန်မာနိုင်ငံရဲ့ အနေအထားကို သေချာပေါက် သဘောကျမှာ အမှန်ပဲ။ Monsanto  က ပိုးသတ်ဆေးတို့၊ မျိုးစေ့တို့ရောင်းတဲ့ ကုမ္ပဏီတွေပါ။ သူတို့က ဘယ်လောက်သိမ်မွေ့လည်း ဆိုရင် သူတို့ဝင်လာလို့ ၀င်လာမှန်း တောင်မသိဘူး။ သူတို့ကိုယ်တိုင် မ၀င်ဘဲ သူတို့နဲ့ affiliate လုပ်ထားတဲ့ကုမ္ပဏီတွေ ၀င်လာနိုင်တယ်။ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေက အားနည်းတဲ့ အနေအထား တစ်ရပ်မှာ သေချာပေါက် ၀င်လာမယ့် သဘောမျိုးရှိပါတယ်။ နောက်တစ်ခုကတော့ ငွေကြေးကဏ္ဍ တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ၀င်လာမယ်လို့ သိရတယ်။ ဘဏ်လုပ်ငန်းတွေမှာ လည်းဝင်ပြီးမြှုပ်နှံကြမှာပါ”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်သူ Eco Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူ က ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော ဥပဒေအား ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ လတွင် စတင်ပြဋ္ဌာန်းခဲ့သော်လည်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ရေးဆွဲနေဆဲဖြစ်ကြောင်း၊ အဆိုပါ FDI Law အား မည်မျှပြည့်စုံကောင်းမွန်အောင် ရေးဆွဲနိုင်သည့် အပေါ်တွင် မူတည်၍ တိုင်းပြည်အတွက် အကျိုးစီးပွား ဖြစ်ထွန်းနိုင်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနိုင်မှုနှင့် check and balance system များကောင်းမွန်ရန် လိုအပ်နေကြောင်းနှင့် အဆိုပါ FDI Law မှာ ဆင်းရဲသားများ၏ အကျိုးစီးပွားအား ကာကွယ်ပေးနိုင် သော (Pro Poor) ဖြစ်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

“မြန်မာနိုင်ငံမှာ လိုအပ်တာနေတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးက ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ natural resources  တွေကို value added  လုပ်နိုင်မယ့် စက်မှုလုပ်ငန်းတွေပါ။ ဒါတွေကို ဦးစားပေးနိုင်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရေးဆွဲ နေတာတွေ့ရပါတယ်။ နောက်တစ်ခုကတော့ နည်းပညာပါ။  ICT  က လည်း မရှိလို့မရပါဘူး။ ဒါတွေကိုလည်း ဦးစားပေးရမယ့် အနေအထားလည်း ရှိပါတယ်”ဟု နိုင်ငံတော်သမ္မတ ၏စီးပွားရေး အကြံပေးဖြစ်သူ ဦးဆက်အောင်က ပြောပါသည်။


Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes