
၂၀၁၂ မေလ ၂၂ ရက်နေ့ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ည ၈ နာရီမှ ၉ နာရီအထိ ထုတ်လွှင့်မယ့် ၁၁ နှစ်မြောက် အမေရိကန်အိုင်ဒယ်လ် နောက်ဆုံးယှဉ်ပြိုင်မှု အစီအစဉ်ကို ရင်ခုန်စွာ စောင့်မျှော်နေကြသူများထဲမှာ ကမ္ဘာတလွှားရှိ ဖိလစ်ပိုင်လူမျိုးများ ပါဝင်နေမှာ မလွဲပါဘူး။ ဘာ့ကြောင့်ဆိုတော့ အမေရိကန်အိုင်ဒယ်လ် နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ဖိလစ်ပိုင်လူမျိုးမိခင်က မွေးဖွားခဲ့သူ အသက် ၁၆ နှစ်အရွယ် ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) ပါဝင် ယှဉ်ပြိုင်မှာကြောင့် ဖြစ်ပါတယ်။
ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်နွယ်ဖွားတဦး အမေရိကန်အိုင်ဒယ်လ် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ရောက်ရှိခဲ့တာ ဖြစ်သလို ဂျက်စီကာသာ အိုင်ဒယ် ဖြစ်သွားရင်ဖြင့် သူဟာ အသက်အငယ်ဆုံး အမေရိကန်အိုင်ဒယ် ဖြစ်သွားမှာပါ။ ဒါ့အပြင် ဂျော်ဒန် စပါ့က်စ် (Jordin Sparks) အမေရိကန် အိုင်ဒယ် ဖြစ်တဲ့ အမေရိကန်အိုင်ဒယ်လ် ၆ နှစ်မြောက် အစီအစဉ်နောက်ပိုင်း ပထမဆုံး အမျိုးသမီးအမေရိကန်အိုင်ဒယ်လ်အဖြစ် ကမ္ဗည်းတင်နိုင်မှာလည်း ဖြစ်ပါတယ်။ အကဲခတ် အများအပြား မျှော်လင့်ထားသလို ပြီးခဲ့တဲ့အပတ် အမေရိကန်အိုင်ဒယ်လ် ပြိုင်ပွဲမှာ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) တတိယနေရာနဲ့ ကျေနပ်လိုက်ရပါတယ်။
တဦးကို သီချင်းသုံးပုဒ်စီ ဆိုကြရာမှာ ဖိလစ် ဖိလစ် (Phillip Phillips) ရဲ့ ဒုတိယတပုဒ်ကို အများက သိတ် အားမရသော်လည်း နောက်ဆုံးတပုဒ်မှာ အကဲဖြတ်တွေရဲ့ ချီးမြှောက်မှုကို ရခဲ့သလို သူ့ကို မဲပေးသူများကလည်း ဖိလစ်တယောက် အိုင်ဒယ်လ်ကို ကျောခိုင်းသွားရမှာစိုးတာနဲ့ မဲတွေ စုပြုံပေးခဲ့ပုံ ရပါတယ်။ ဂျော်ရှဝါရဲ့ မေ ၁၆ ဖျော်ဖြေမှုရဲ့ အားနည်းချက်တခုက သူ ဆိုခဲ့တဲ့ သီချင်းအများစုဟာ အလွယ် နားလည်အောင် ပြောရရင် အော်ပြီး ဆိုရတဲ့ သီချင်းတွေ ဖြစ်ခဲ့ပြီး သံစဉ်နိမ့်မြင့် (Melody) နည်းပါးသွားခြင်းကလည်း သူ့ရဲ့ သံစဉ်နိမ့်မြင့်ဆိုနိုင်အားကို မဖော်ပြနိုင်ဘဲ ဖြစ်သွားခြင်း ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး အမေရိကန်အိုင်ဒယ်လ်ရဲ့ အဆိုနည်းပြ ဂျင်မီ အိုင်ဗဲင်း (Jimmy Iovine) ကလည်း ဟုတ်ပါတယ်လို့ ပြောသွားကာ ဒါဟာ သူ့အပြစ်ပါလို့ ဆိုပါတယ်။
ဂျော်ရှဝါအနေနဲ့ ဒိထက် ပို ဆိုနိုင်ရင် အိုင်ဒယ်လ်ဖိုင်နယ်ကို ရောက်နိုင်မယ်လို့ ယတိပြတ် ပြောနိုင်သလားဆိုတော့လည်း မပြောနိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေရဲ့ အိုင်ဒယ်လ်ရလဒ်တွေအရ ဖိလစ် ဖိလစ်လို သွင်ပြင်လက္ခဏာမျိုးနဲ့ ဆိုပုံဆိုပေါက်မျိုးက မဲပေးသူတွေကို စွဲဆောင်မှု ရှိခဲ့တယ်ဆိုတာကို ဖော်ပြနေပါတယ်။
ဖိလစ် ဖိလစ်မှာ ကျောက်ကပ်ရောဂါ ရှိတဲ့အတွက် ပြိုင်ပွဲအတွင်း ဆေးကုသမှု ပြုလုပ်ခဲ့ရသလို အမေရိကန်အိုင်ဒယ် နောက်ဆုံးနေ့ အစီအစဉ်ပြီးတာနဲ့ ခွဲစိတ်ကုသမှု ပြုလုပ်ရမှာ ဖြစ်ကြောင်း နာမည်ကြီးတွေရဲ့အကြောင်းတွေ ရေးသားတတ်တဲ့ တီအမ်မ်ဇီး (TMZ) အင်တာနက်စာမျက်နှာ (http://www.tmz.com/2012/05/18/american-idol-phillip-phillips-needs-surgery/) တွင် ဖော်ပြထားပါတယ်။
သို့သော်လည်းပဲ သူ့ရဲ့ ရောဂါက ဖိလစ်ရဲ့ ဖျော်ဖြေနိုင်မှုစွမ်းအားကို လျော့သွားနိုင်စေမယ်လို့တော့ မယုံကြည်ပါဘူး။ လွန်ခဲ့တဲ့အပတ်က အမေရိကန်အိုင်ဒယ်လ်မဲပေးသူ သန်း ၉၀ လောက်ရှိတယ်လို့ အိုင်ဒယ်လ် အစီအစဉ်ကြေငြာသူ ရိုင်ယဲန် စီးခရက် (Ryan Secrest) က ပြောသွားလေတော့ ဒီတပတ်မှာ အဲဒီထက် ပိုလာမလားလို့ တွေးစရာ ရှိပါတယ်။ ဖိလစ်ရဲ့ ပရိသတ်ကလည်း မဲတွေ မနေမနား ပေးကြမယ်၊ ဂျက်စီကာကိုလည်း တကမ္ဘာလုံးက ဖိလစ်ပိုင်တွေ အပါအ၀င် သူ့ကို အားပေးသူတွေကလည်း မဲပေးကြမယ်ဆိုရင်တော့ ဒီနှစ် အမေရိကန်အိုင်ဒယ်လ်ရလဒ်ဟာ အတော့်ကို စိတ်လှုပ်ရှားစရာ ဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ထိုနည်းတူ လွန်ခဲ့တဲ့အပတ်က ကြည့်သူဦးရေ ၁၇.၃ သန်း ရှိတဲ့ အမေရိကန်အိုင်ဒယ်လ် အစီအစဉ်ကလည်း ကြည့်သူဦးရေ သန်း ၂၀ လောက်အထိ ပြန်လည် ရရှိလာနိုင်ပါတယ်။
Ref: Burma Today
ပြိုင်ပွဲဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ်နဲ့ ပြိုင်ပွဲကိုနုတ်ဆက်သွားတဲ့ ဂျော်ရှဝါ
0 comments:
Post a Comment