Thursday 24 May 2012

ဒေါ်လာ သန်း ၅ဝဝ တန် ချေးငွေနှင့် ပတ်သက်သည့် စည်းမျဉ်းများ အိန္ဒိယ ဖြေလျှော့ဖွယ်ရှိ


မဇ္ဈိမသတင်းဌာန ။        ။ မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အနေဖြင့် “ဖွံ့ဖြိုးရေးနှင့် (နှစ်နိုင်ငံ) ဆက်သွယ်ရေး” ကို အရှိန် မြှင့်တင်နိုင်ရေးအတွက် ယူဆောင် လာမည့် ကမ်းလှမ်းချက်များတွင် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်သည့် စည်းကမ်း သတ်မှတ်ချက် များ လျှော့ပေါ့ပေးခြင်းများလည်း ပါဝင်ဖွယ်ရှိသည်ဟု အိန္ဒိယသတင်းစာများက သုံးသပ်ကြသည်။

အိန္ဒိယ ဝန်ကြီးချုပ် အနေဖြင့် အိန္ဒိယမှ မြန်မာနိုင်ငံအား ထုတ်ချေးထားသော ချေးငွေများနှင့် ပတ်သတ်၍ ပြန်လည်ဆပ်ရမယ့်အချိန်ကာလကို နောက်ဆုတ်ပေးခြင်းအားဖြင့် ချေးငွေစည်းကမ်းများအား 
 လျှော့ပေါ့ပေးလိမ့်မည်ဟုမျှော်လင့်ရပြီး အဆိုပြုထားသော ရေအားလျှပ်စစ် စီမံကိန်းများတွင် အိန္ဒိယနိုင်ငံ ပါဝင်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်များကို ၄ဝ ရာခိုင်နှုန်း လျှော့ပေါ့ ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း Indian Express သတင်းစာက ဆိုသည်။

နယ်စပ်မြို့ မိုရေးကို ဖြတ်သန်း၍ အိန္ဒိယ နိုင်ငံ Imphal နှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကား ပြေးဆွဲရန် အစီအစဉ်နှင့် တပတ်တွင် နှစ်ကြိမ် နှစ်နိုင်ငံအကြား ပျံသန်းပြေးဆွဲနေသည့် လေကြောင်းခရီးစဉ် ကို တိုးချဲ့ရန် အပြင် အိန္ဒိယနှင့် နယ်စပ် ဒေသများတွင် မြန်မာနိုင်ငံ၏ မီးရထားလုပ်ငန်း ဖွံ့ဖြိုးရေးအား ၂ဝ၁၆ ခုနှစ်ထက် နောက်မကျစေပဲ အကူအညီပေးရန် ကမ်းလှမ်းချက်များ ပါဝင်လိမ့်မည်ဟု သိရသည်။
manmohan-singh-thein-sein-meet
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ်စဉ် (ဓါတ်ပုံ AFP)

ယခုခရီးစဉ်အား အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ အဓိက ကျသော အခိုက်အတန့် တခု ဖြစ်လာလိမ့်မည်ဟု အိန္ဒိယ သတင်းစာများက အမွှမ်းတင်ခဲ့ကြပြီး၊ တောင်အာရှဒေသတွင် အင်အားအကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် “အရှေ့မျှော်” မူဝါဒကို ကျင့်သုံးကာ ပိုမိုရင်းနှီးသော ဆက်ဆံရေး ထူထောင်ရန် စိတ်အား ထက်သန် နေလိမ့်မည်ဟုလည်း ဆိုကြသည်။

ယခုခရီးစဉ်သည် အိန္ဒိယ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ၏ ၁၉၈၇ ခုနှစ် ခရီးစဉ်အပြီး အိန္ဒိယ ဝန်ကြီးချုပ် တဦး၏ ပထမဆုံးမြန်မာခရီးစဉ်လည်း ဖြစ်သည်။

အခြားကမ်းလှမ်းချက်များတွင် တတိယမြောက် နယ်စပ် ကုန်သွယ်ရေး စခန်း (Avakhung-Pansat/Somrai) ဖွင့်လှစ်ရန်၊ တမံသီနှင့် ရွှေစရေး ရေအားလျှပ်စစ် စီမံကိန်း နှင့် Rhi-တီးတိန် ကားလမ်း၊ တမူး-ကလေးဝ-Kalmvo ကားလမ်းများနှင့် တံတား ၇၆ ခု အား အဆင့်မြှင့်တင်ရန်၊ ဒေသတွင်း ငွေကြေးများဖြင့် ကုန်သွယ်ရေး တိုးမြှင့်ရန် အတွက် Union Bank of India နှင့် Bank of India တို့၏ ဘဏ်ခွဲများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန်အပြင် ဘဏ်အရာရှိများအား သင်တန်းများ ပေးရန်တို့ ပါဝင်သည်ဟု သတင်းစာက ဆိုသည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ သည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏအား နှစ်ဆတိုးမြှင့်ရန် သဘောတူညီထားပြီး ၂ဝ၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,ဝဝဝ ပမာဏ အထိ ရောက်ရှိရန် ကုန်သွယ်ရေး တိုးမြှင့်မည် ဖြစ်သည်။ ယခု လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ ခန့်ရှိသည်။

အိန္ဒိယ အနေဖြင့် မြန်မာနိုင်ငံတွင် ဆေး၊ မီးရထား၊ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့၊ သတ္ထုတူးဖော်ရေး နှင့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။

ထို့ပြင် နှစ်နိုင်ငံ အနေဖြင့် ကုလားတန် ဘက်စုံ စီမံကိန်း တည်ဆောက်မှုများအား ၂၀၁၃ ခုနှစ် တွင် အပြီးသတ်ရန်မျှော်လင့်ထားပြီး အမေရိကန် ဒေါ်လာ သန်း ၁၂၀ ကျော်ခန့် ကုန်ကျမည် ဖြစ်သည်။

အိန္ဒိယ နှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ စီးပွါးရေး အကျိုးအမြတ်များ ရရှိရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်ဟု မီဒီယာများက ဖော်ပြကြသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes