ဓာတ်ပုံ AP
မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ အခြေခိုင်ဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ EU နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton ကပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပထဆုံး EU ရုံးကို လာရောက်ဖွင့်လှစ်ပေးခဲ့တဲ့ EU အကြီးအကဲဟာ ဒီနေ့ နေ့ခင်းပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ကုန်သွယ်ရေး၊ စီးပွားရေးစတဲ့ EU က မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ယာယီဆိုင်းငံ့လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကို EU အကြီးအကဲ ရောက်ရှိလာတဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး EU ရုံးကို EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Catherine Ashton နဲ့ ရန်ကုန် တိုင်း၊ ဝန်ကြီးချုပ်ဦးမြင့်ဆွေတို့က ဒီကနေ့ ရန်ကုန်မြို့ အင်းလျားမြိုင်လမ်းမှာ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ မြန်မာ နိုင်ငံမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို EU က တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု တွေကို ယာယီဆိုင်းငံ့လိုက်ပြီး ခုလို EU ရုံးခန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ EU သံတမန်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NGO တချို့ တက်ရောက်ကြတဲ့ ဖွင့်ပွဲမှာ EU အကြီး အကဲ Ashton က မြန်မာနိုင်ငံက လက်ရှိအပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့သဘောနဲ့ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံကို ကိုယ်စားပြုတဲ့ EU ရုံးခန်းကို ဖွင့်လှစ်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေပါပြီ၊ သွားရမဲ့ခရီးက ကြာရှည်နိုင်ပါတယ်၊ ဒေသ တွင်းမှာသာမက ကမ္ဘာပေါ်မှာပါ အတုယူစရာဖြစ်မဲ့ အပြောင်းအလဲတွေဖြစ်ဖို့ EU က မြန်မာပြည်သူတွေကို ကူညီသွားမှာပါ"

မြန်မာနိုင်ငံက အပြောင်းအလဲတွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားနိုင်ဖို့ကူညီမှာဖြစ်တယ်လို့ ဆိုပါတယ်။
"EU အနေနဲ့ ပေးနိုင်တဲ့ဘက်ကနေ အကူအညီတွေကိုပေးသွားပါမယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တခု လုံးမှာ EU ဥရောကသမဂ္ဂအနေနဲ့ မိတ်ဆွေအဖြစ် ရပ်တည်သွားပါမယ်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက် သွားဖို့ ကူညီတဲ့ တချိန်ထဲမှာပဲ မြို့တွေ၊ ရွာတွေမှာ နေထိုင်ကြသူတွေ အထူးသဖြင့် ကျေးလက်ဒေသက ပြည်သူတွေ အတွက် အကျိုးရှိစေမဲ့အစီအစဉ်တွေမှာ EU ကထိတွေ့ဆက်ဆံသွားမယ် ကူညီသွားပါမယ်"

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ EU ရဲ့ အဆင့်အမြင့်ဆုံး တာဝန်ရှိသူ Ms. Ashton ဟာ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ကူညီထောက်ပံ့မှု ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တုံ့ပြန်နိုင်ဖို့  ဒဏ်ခတ်ထားတဲ့ စီးပွားရေး၊ ကုန်သွယ်ရေးပိတ်ဆို့မှုတွေကို EU က ယာယီရပ်ဆိုင်းထားတာဖြစ်တယ်လို့ EU အကြီးအကဲက ပြောပါတယ်၊ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရပ်သွားမယ်ဆိုရင်တော့ ပြန်လည် ဒဏ်ခတ်အရေးယူမှုတွေ လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလုပ်နေတဲ့ အပြောင်းအလဲတွေဟာ ရေရှည်ခံဖို့ လိုအပ်တယ် ဆိုတာကိုလည်း EU မူဝါဒရေးရာအကြီးအကဲက အလေးထားပြောသွားခဲ့ပါတယ်၊

"အပြောင်းအလဲတွေဖြစ်ဖို့ အချိန်ပေးရတယ်ဆိုတာ ကျွန်မတို့သိပါတယ်၊ ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့ အနာဂတ်ကို ယုံကြည်မှုရှိစေဖို့ အပြောင်းအလဲတွေဟာ အခြေခိုင်ဖို့ လိုအပ်ပါတယ်၊ အာမခံချက်ရှိဖို့ လိုအပ် ပါတယ်၊ ရေရှည်ခံတဲ့အပြောင်းအလဲဖြစ်ရေးမှာ EU ကလည်း လက်တွဲကူညီနိုင်ဖို့ မျှော်လင့်ပါတယ်"

EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Catherine Ashton ဟာ မြန်မာနိုင်ငံကို ၃ ရက် ခရီးစဉ်နဲ့ရောက်နေ တာ ဖြစ်ပြီး သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ပါဝင် တွန်းအားပေးနေသူတွေနဲ့ အချိန်ယူတွေ့ဆုံနိုင်မယ့်အတွက် ဝမ်းသာတယ်လို့ ပြောပါတယ်။ သူဟာ မနက်ဖြန် တနင်္ဂနွေနေ့ကျရင်တော့ နေပြည်တော်ကိုသွားပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဦးသိန်းစိန်အစိုးရက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်လာပြီး နိုင်ငံတကာနဲ့လည်း အဆက်အဆံလုပ်ဖို့ လိုလားမှုတွေ ပြသလာခဲ့ပြီးနောက်မှာ နိုင်ငံတကာက အဆင့်မြင့် သံတမန်တွေ မြန်မာ နိုင်ငံကိုလာပြီး အပြောင်းအလဲတွေ ရှေ့ဆက်နိုင်ဖို့ အကူအညီတွေကို ကမ်းလှမ်းနေကြတာပါ။ မနက်ဖြန်မှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Kin Moon ဟာလည်း မြန်မာနိုင်ငံကို ရောက်လာဖို့ရှိနေပါတယ်ရှင်။

Ref: VOA