Tuesday 24 April 2012

ဖူးကတ် အဝတ်လျှော်စက်ရုံမှ အလုပ်သမားများဆန္ဒပြ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကတ်မြို့ရှိ ဖူးကတ် အဝတ်လျှော်စက်ရုံ (Ratsada Amthr Phuket Laundry)၌ အလုပ် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၃၀)ခန့်သည် လုပ်ငန်းရှင်မှ သိမ်းဆည်းထားသည့် ၎င်းတို့၏ ယာယီ နိုင်ငံကူး လက်မှတ်များ ပြန်လည်ရရှိရန် (၂၀၊၀၄၊၂၀၁၂) ညနေ(၆)နာရီခန့်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

(Ratsada Amthr Phuket Laundry)သည် ဖူကတ်ခရိုင်အတွင်းရှိ ဟော်တယ်များမှ စောင်၊ ခေါင်းအုံးစွတ်၊ အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါ၊ လက်သုတ်ပုဝါ အစရှိသည့် ဟော်တယ် အသုံးအဆောင် ပစ္စည်းများကို လျှော်၊ ဖွတ်၊ မီးပူတိုက်သည့် လုပ်ငန်းများကို လုပ်ကိုင်နေသည့် စက်ရုံဖြစ်ပြီး၊ အမျိုးသမီး အလုပ်သမား (၅၀)ခန့် အပါအ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀)ခန့် လုပ်ကိုင်လျက် ရှိသည်ဟု သိရသည်။

“ကျနော်တို့ရဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေ ပြန်ပေးဖို့ စက်ရုံမန်နေဂျာဆီမှာ ဒီနေ့တောင်းပါတယ်။ သူဌေးတူဖြစ်တဲ့ စက်ရုံ မန်နေဂျာက ကျနော်တို့ကို ဆဲလွှတ်ပြီး၊ မပေးနိုင်ဘူး။ မင်းတို့ တိုင်ချင်တဲ့နေရာ သွားတိုင်လို့ ပြောတယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ အလုပ်သမား ကိုနိုင်က ပြောသည်။
အလုပ်သမား အားလုံး၏ ယာယီနိုင်ငံကူး လက်မှတ်များကို သူဌေး၏ ရုံးခန်းထဲတွင် သိမ်းဆည်းထားပြီး၊ အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်သို့ ပြန်ချင်သည့် အလုပ်သမားများက ၎င်းတို့၏ နိုင်ငံကူး လက်မှတ်များကို တောင်းဆိုသည့်အခါ ဆဲဆို ကြိမ်းမောင်းခံရပြီး လုပ်အားခလည်း ရှင်းမပေးကြောင်း သိရသည်။

“သင်္ကြန်မတိုင်ခင်က ကျတော်တို့ စက်ရုံက အလုပ်သမား တစ်ယောက်က မြန်မာပြည်ပြန်ပြီး မင်္ဂလာဆောင်ဖို့ သူ့ရဲ့ ယာယီနိုင်ငံကူး လက်မှတ်ကို သွားပြီးတောင်းတော့ သူဌေးက မပေးတဲ့အပြင် ရှင်းပေးရမယ့် လုပ်အားခငွေ ဘတ်(တစ်သောင်း) ကျော်ကိုလည်း မပေးလိုက်ဘူး။ အဲဒီအလုပ်သမားက လူပွဲစားကို ဘတ်ငွေ( ၅၀၀၀) ပေးပြီး ပြန်သွားခဲ့ရတယ်။ အခု ရနောင်းကနေ ဖူကတ်ကို ပြန်တက်လာတဲ့လမ်းမှာ အဖမ်းခံရတယ်လို့ ကြားရတယ်”ဟု အဆိုပါ အလုပ်ရုံတွင် ( ၅)နှစ်ခန့် လုပ်ကိုင်ခဲ့သည့် အလုပ်သမား ကိုဌေးက ပြောသည်။

“အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ ယာယီမှတ်ပုံတင် ပြန်ရဖို့ ကျနော်တို့ရုံးကို အကြောင်းကြားလာတယ်။ ကျနော်တို့ အနေနဲ့ကလည်း ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်တိုင် တောင်းဆိုဖို့ လိုအပ်ကြောင်း အကြံပေးခဲ့ပါတယ်။ ထိုင်းအလုပ်သမား ဥပဒေအရလည်း အလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူး လက်မှတ်က အလုပ်သမားတွေရဲ့ လက်ထဲမှာဘဲ ရှိရမှာပါ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ရဲ့ ထိုင်းရှေ့နေနဲ့ တိုင်ပင်ပြီး ဥပဒေဘောင်တွင်းက အကူအညီ ပေးနိုင်ဖို့ ပြင်ဆင် နေပါတယ်”ဟု အလုပ်သမားများနှင့် သွားရောက် တွေ့ဆုံခဲ့သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသွားသည်။

အဆိုပါ စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမား အသစ်များ အနေဖြင့် အမျိုးသားတစ်ဦး၏ တစ်ရက် လုပ်အားခမှာ (၁၉၀)ဘတ် ဖြစ်ပြီး အမျိုးသမီးတစ်ဦးလျှင် (၁၇၀)ဘတ် ရရှိသည်ဟု သိရသည်။ ကျန်းမာရေး မကောင်းလျှင် ဖြစ်စေ၊ အမျိုးသမီးများ ကလေးမီးဖွားလျှင်ဖြစ်စေ အလုပ်ပျက်ကွက်ပါက လုပ်အားခ မရရှိကြဟု သိရသည်။

Ref: GHR

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes