Saturday 28 April 2012

“ရိုးရိုးပတ်စပို့လား၊ ရှယ်ပတ်စပို့လား”

                                    အစိုးရ

ထိုင်းနဲ့မြန်မာအစိုးရတို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ယာယီပတ်စပို့လုပ်တာ၃နှစ်အတွင်း မြန်မာအလုပ်သမား ၂သန်း  ကျော်လုပ်ပြီးပြီဖြစ်တယ်။ ထိုင်းအစိုးက သတ်မှတ်ထားတာက ပြည်ဝင်ခွင့် ဗီဇာကြေး ဘတ်ငွေ ၅၀၀။ မြန်မာအစိုးရက ယခု ခရမ်းရောင် ယာယီပတ်စပို့စာအုပ်ခ ဘတ်ငွေ၅၀၀။  ဒါဆို အလုပ် သမားတစ်ယောက် ဘတ်တစ်ထောင် ဆိုရင် ယာယီပတ်စပို့ ရ ရမှာပေါ့။
 
တကယ့် လက်တွေ့မှာက  ပွဲစား ကုမ္ပဏီကြီးပေါင်း ၆၇ ခုရှိ
မဟာထိုင်း လို့ခေါ်တဲ့ထိုင်းအစိုးရဆီက လုပ်ကိုင်ခွင့်စာရွက် စာတမ်း နဲ့ မြန်မာအစိုးရဘက်က မြန်မာနိုင်ငံ သားဖြစ်ကြောင်း စိစစ်ခြင်း ၂ရပ်ပေါင်း အတွက် အလုပ်သမားတစ်ယောက်ကို အနည်းဆုံး  ဘတ်ငွေ၁၆၀၀ ကနေ ၁၈၅၀ အထိ  ပေါက်ဈေးရှိတယ်။
 
နောက် အောက်ဈေးလို့ခေါ်တဲ့ ပတ်စပို့ထုတ်ယူတဲ့အဆင့်မှာ ထိုင်းနဲ့ မြန်မာ အစိုးရ  လူဝင်မှုကြီးကြပ်ရေး စားပွဲပေါ်ကို ရောက်ဖို့အတွက်ကြားပွဲစားကုမ္ပဏီကိုဘတ်ငွေ၁၈၅၀ဘတ်ကနေ၂၂၀၀ဘတ်အထိ ပေါက်ဈေး
ရှိတယ်။ ကားခနဲ့ စားစရိတ်တွေက သီးသန့်ကုန်ကျပါတယ်။

   ဒီလို စာရွက်စာတမ်းတွေ ရပြီးတော့ မပြည့်စုံသေးဘူး။ ထောရော ၃၈/၁ အစစ်ရှိရမယ်၊ ၁၉၀၀ ငွေကျေစာ
ရွက်အစစ်တွေရှိရမယ်။ မိတ္တူနဲ့ မရဘူး ဆိုတာက လာသေးတယ်။ စာရွက်စာတမ်းအစစ်တွေ ကိုထုတ်မပေး တဲ့ ညစ်ပတ်တဲ့ သူဌေးရဲ့ အလုပ်သမားတွေဆိုရင် ပွဲစားသနားမှ သက်သာပါတယ်။ အနည်းဆုံးဘတ်ငွေ သုံးလေးရာ ကနေ ဘတ်ငွေ တစ်ထောင်အထိ ပွဲစားတွေနဲ့ ကုမ္ပဏီတွေက တောင်းစားတတ်ကြပါတယ်။

ကြားပွဲစားများအထက်ပါ ကုန်ကျငွေတွေအားလုံးကို ပေါင်းလိုက်တော့ အနည်းဆုံး ငါးထောင် ဖြစ်နေပါပြီ။ ပွဲစားတွေက သူတို့ ၀န်ဆောင်မှုအတွက် အနည်းဆုံး ဘတ် ၁၀၀၀ ယူကြတယ်။ ခရီးအကွာအဝေးအလိုက် ဘတ်ငွေ ၂၀၀၀ အထိ  ကောက်ကြလေတော့ ယာယီပတ်စပို့ လုပ်ဖို့ အတွက် အလုပ်သမားတစ်ယောက် ဟာဘတ်ငွေ  ၇၀၀၀  ထက်မနည်း ကုန်ကျနေပြီးဖြစ်တယ်။

ပတ်စပို့လုပ်ပြီးတော့ ၀တ်ပါမစ်   
          
            အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit လုပ်ရပါတယ်။ WP အတွက် လုပ်ငန်းရှင်ရဲ့  စာရွက် စာတမ်း တွေနဲ့ အတူ ကျမ္မာရေးဆေးစစ်စာရွက်တွေ အပြည်အစုံနဲ့ လုပ်ရပါတယ်။ မိမိလုပ်ငန်းရှင် နဲ့ ကြား ပွဲစား ခမပါပဲ ၂နှစ်စာအလုပ်လုပ်ခွင့်အတွက် အနည်း ဆုံးဘတ်ငွေ ခြောက်ထောင်ကျော်ကုန်ကျပါတယ်။ အပြင်သူဌေး ဒါမှမဟုတ် ပွဲစားနဲ့ လုပ်မယ်ဆိုရင် ဘတ်ရှစ်ထောင်ထက်မနည်း ကုန်ကျပါတယ်။

“လွယ်လွယ်နဲ့ လုပ်ပေးသင့်တဲ့ ကိစ္စကိုဘာကြောင့် ခက်အောင်လုပ်နေကြသလဲ”

မြန်မာပြည်က လာရောက် အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးတွေ မလုပ်
ချင်၊ မလုပ်နိုင်တဲ့၊ ညစ်ပတ်တဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်၊ အန္တရာယ်များတဲ့အလုပ်  တွေကိုလုပ်နေကြရတာ
ဖြစ်တယ်။ သူများမလုပ်ချင်တဲ့ အလုပ်တွေကို မှ တရားဝင်လုပ်ကိုင်ခွင့်ရချင်ကြတဲ့ မြန်မာအလုပ်သမားတွေ အတွက် စာရွက်စာတမ်းတွေနဲ့ ထိန်းချုပ်တားဆီးထားတာနဲ့ ၊ ကုန်ကျတဲ့ငွေကလည်း အလွန်များတယ်။ တစ်ခွန်းတည်းသောစကားကိုပြောပါဆိုရင် ထိုင်းအစိုးဟာ မြန်မာအလုပ်သမားတွေ တရားဝင်ဖြစ်ခွင့် အတွက် နည်းလမ်းပေါင်းစုံနဲ့ နှိပ်ကွပ်ထားပြီး မတရားခေါင်းပုံဖြတ်ထားလွန်းတယ်။

            ထိုင်းနိုင်ငံက  မြန်မာတွေလုပ်သမျှ လုပ်အားခကို အကုန်လုံးယူထားချင်တယ်။ အနိမ့်ကျဆုံး အလုပ်တွေကိုလုပ် နေကြရတဲ့ အလုပ်သမားတွေကို ဒီလောက်ထိ ခေါင်းပုံမဖြတ်သင့်ဘူး။ နှစ်နိုင်ငံ အစိုးရတို့ဟာ ဒီအလုပ်သမားတွေအတွက် လွယ်ကူ မြန်ဆန်ပြီး သက်သာချောင်ချိတဲ့ အစီအမံမျိုးကို စဉ်းစားဖို့သင့်ပါတယ်။ ဒီအလုပ်သမားတွေဆီက နည်းအမျိုးမျိုးနဲ့ အကျိုးအမြတ်မရှာသင့်ဘူး။

“စုတ်ပဲ့ပြီး အောက်တန်းကျတာကတော့ ပျောက်ပျက်မသွားသေးပါ”
ယာယီပတ်စပို့နဲ့ WP တို့ လုပ်ရတဲ့အတွက် ဘတ် ၂သောင်းဝန်းကျင်လောက် တနင့်တပိုး ကုန်လိုက်တဲ့
မြန်မာအလုပ်သမားတွေ ဟာ ထိုင်းနိုင်ငံမှာ တကယ် လုံခြုံရဲ့လားလို့ ကြည့်လိုက်ပြန်တော့။ မရှိဘူး
လို့ဖြေရမယ်ထင်ပါတယ်။

ထိုင်းပုလိပ်တွေက ဗမာမြင်ရင် ဖမ်းတယ် ညစ်ပတ်တယ်။ ဘယ်နှယ်ဗျာ ပတ်စပို့ရှိလို့ ဟိုနားဒီနား သွား
ပါတယ်ဆိုမှ ထောရောပါလား၊ ၁၉၀၀ ငွေကျေ စာရွက်ပါလား၊WP ၀တ်ပါမစ်ပါလား ဆိုပြီး စစ်ဆေးတယ်။
လွတ်လွတ်လပ်လပ် ခရီသွားလာခွင့်ရဖို့ ခက်ခက်ခဲခဲနဲ့ အကုန်အကျခံ လုပ်ထားတဲ့ ပတ်စပို့ တစ်ခုတည်း
နဲ့ ခရီးသွားလာခွင့် မရရှိပြန်ဖြစ်နေတယ်။ လူတိုင်းတော့မဟုတ်ဘူး။

ဘာပဲလုပ်ထားထား လွတ်လွတ်လပ်လပ် အလုပ်ပြောင်းရွှေ့လို့မရတာကလည်း ဒုက္ခတစ်မျိုး။ 
လုပ်ငန်းရှင်က သိမ်းထားလို့ နေထိုင်ခွင့် သက်တမ်းကုန်သွားလို့ သေသွားတဲ့ပတ်စပို့က ဒုနဲ့ ဒေး။

ထိုင်းနဲ့ မြန်မာအစိုးရတို့ လျှော့နိုင်တာကနှစ်နိုင်ငံအစိုးရအနေနဲ့  မြန်မာအလုပ်သမားတွေကို သနားလို့ရှိရင် လျှော့ပေးနိုင်တာရှိပါတယ်။ (၁) ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကို ပတ်စပို့စာအုပ်သက်တမ်းနဲ့ အတူတူ ၆နှစ် သတ်မှတ်ပေးပါ။ (၂) အလုပ်လုပ်ခွင့်WP ကိုလည်း စာအုပ်သက်တမ်းနည်းတူထားပေးပါ။(၃) ရက်ပေါင်း ၉၀ သတင်းပို့ တုံးထုရခြင်းကို လုံးဝ ရပ်ပစ်ပါ။

 ဒီ အချက် ၃ချက်ကို မြန်မာအစိုးရက ထိုင်းအစိုးနဲ့ ညှိလိုက်ရင် မြန်မာအလုပ်သမားတွေအတွက် အလုပ်လည်း မပျက်၊ အလုပ်လည်း မရှုပ်တော့သလို အကုန်အကျလည်း အထူးသက်သာသွားပါမယ်။ ကြားပွဲစားတွေ ဆီမှာ ခေါင်းပုံဖြတ်ခံနေရတာတွေ လျှော့နည်း သက်သာသွားစေနိုင်မှာ ဖြစ်ပါတယ်။ တရားဝင် အလုပ်သမား ဖြစ်ခြင်းကိုလည်း အားပေးရာရောက်စေမှာဖြစ်ပါတယ်။

ခုနောက်ဆုံးပေါ် အခြေအနေဆိုးတွေ 

 ပတ်စပို့ မလုပ်ရင် ထိုင်းမှာ အလုပ်လုပ်ခွင့်မရှိ တော့တာကြောင့် အလုပ်သမားတွေက လုပ်ကြရတယ်။ ဒီအားနည်းချက်ကို ကြားပွဲစားတွေက ရိုးရိုးလား ရှယ်လား၊ အမြန်လား အနှေးလားဆိုပြီး ရိုက်စား လုပ်နေကြပြန်တယ်။ ပွဲစားတွေက စာရွက် စာရွက်   တွေကို ကပ်ခွာ လုပ်ပြီး နယ်စပ်ကို ဆင်းခိုင်း လို့ မြန်မာတွေ ရာချီပြီး ထောင်ကျနေကြပြီ။

မြန်မာအလုပ်သမားတွေ ပတ်စပို့လုပ်ဖို့ အပ်ထားတဲ့ ဘတ်ငွေတွေ သိန်းပေါင်းများစွာ လိမ်ပြီး ထွက်ပြေး သွားတဲ့ပွဲစားတွေ အများကြီးရှိနေပြီးဖြစ်ပေမယ့် လိမ်သွားသူတွေနဲ့ အမည်ခံထားတဲ့ ကုမ္ပဏီ တာဝန်ရှိ သူတွေ စစ်ဆေးတာမျိုး၊ အရေးယူတာမျိုး ခုထိ မရှိသေးဘူး။ ခံရတာက မြန်မာအလုပ်သမားတွေဖြစ်တယ်။ မဟာချိုင်မှာ ပွဲစားက ပတ်စပို့ အတု လုပ်ပေးတယ်။ ကိုင်ဆောင်တဲ့ အလုပ်သမားတွေကို ဘတ်ငွေ ၂သိန်း ဒဏ်ငွေရိုက်တယ်။ အတုလုပ်ပေးသူကို ရှာဖွေဖမ်းဆီး အရေးယူတာမရှိဘူး။
                                                                                                                   ကျော်သောင်း
Ref: Golden Workers

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes