Sunday 22 April 2012

မြန်မာတင်နေတဲ့ အကြွေး ဂျပန်လျှော်ပေးဖို့ သဘောတူ


သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ခေါင်းဆောင်တွေ ဆွေးနွေးအပြီး သဘောတူခဲ့
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ရဖို့ရှိတဲ့ ကြွေးမြီ ဒေါ်လာ သန်း ၃၇၀၀ ကျော်ကို လျှော်ပေးဖို့နဲ့၊ မြန်မာနိုင်ငံ ဖွင့်ဖြိုးတိုးတက်ရေး အကူအညီတွေ ပြန်ပေးဖို့ကိုလည်း သဘောတူလိုက်ပြီဖြစ်ပါတယ်။

မဲခေါင်ဒေသ ငါးနိုင်ငံနဲ့ ဂျပန်ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဂျပန် ၀န်ကြီးချုပ် ယိုချီဟီကို နိုဒါတို့ ဆွေးနွေးအပြီး ဆွေးနွေးအပြီး အခုလို သဘောတူလိုက်တာဖြစ်ပါတယ်။

၁။ လူနည်းစုတိုင်းရင်းသားတွေအပါအ၀င် မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀ တိုးတက်ကောင်းမွန်ရေး၊ ဆင်းရဲမှု လျော့ချရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး အထောက်အကူပြုဖို့

၂။ အရှည်တည်တံ့တဲ့ စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် အထောက်အကူပြုဖို့

၃။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုးကို ပြည်သူတွေခံစားနိုင်ရေးအတွက် အခြေခံအဆောက်အအုံ တိုးတက်အောင် စတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်ပေးတာဖြစ်တယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန သတင်းပြန်ကြားရေး အရာရှိ မစ္စတာ မာဆာရူဆာတိုက ဘီဘီစီကို ပြောတယ်။

နောင်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကြီးအနီးမှာလည်း စီးပွားရေးဇုန်တခု တည်ဆောက်ရေးအစီးအစဉ်ရေးဆွဲဖို့ အတွက်လည်း နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။

ရာစုနှစ် တစ်ဝက်နီးပါးလောက် စစ်အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ၊ ပြီးခဲ့တဲ့နှစ်က စလို့ သမ္မတ ဦးသိန်းစိန်အစိုးရသစ် တက်လာပြီးနောက်မှာတော့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ဝှမ်းအတွက်လည်းကူညီမယ်

မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေအတွက် ဒေါ်လာ ၇ ဒဿမ ၅ ဘီလီယံနီးပါး အကူအညီပေးမယ်လို့လည်း ဂျပန်နိုင်ငံက ကတိပြုလိုက်ပါတယ်။

ဒီအကူအညီတွေဟာ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ် နိုင်ငံတွေရဲ့ ဒေသတွင်း အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ စီးပွားရေးအားကောင်းလာစေရေးတို့အတွက် ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက ပြောကြားပါတယ်။

ဒီအကူအညီတွေထဲမှာ ဂျပန်နိုင်ငံရဲ့ နည်းပညာနဲ့ လုပ်ငန်းကျွမ်းကျင်မှု အစီးအစဉ်တွေလည်း အတူပါဝင်မှာ ဖြစ်တယ်လို့ မစ္စတာနိုဒါက ပြောကြားပါတယ်။

ဒီအကူအညီတွေကို တနှစ်တခါနဲ့ သုံးနှစ်ခွဲပေးမှာလည်း ဖြစ်ပါတယ်။

ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ ဒီမဲခေါင်ဒေသ နိုင်ငံတွေအပေါ် သြဇာညောင်းရေးအတွက် အဲဒီဒေသတွေမှာ ရင်းနှီးစိုက်ထုတ်မှုတွေကို နည်းလမ်းတခုအနေနဲ့ လုပ်နေတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

 Ref: BBC



0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes