Friday 21 October 2011

ဘန်ကောက်မြို့အတွင်းပိုင်း ရေလွှမ်းတော့မည်ဟု ထိုင်းအစိုးရ သတိပေး

ဘန်ကောက်မှာရှိတဲ့ တူးမြောင်းတွေက ရေတံခါးအားလုံးကို ဖွင့်ချဖို့ ထိုင်းအစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် ဘန်ကောက်အတွင်းပိုင်း ရက်ကွက်ဇုန်တွေကို ရေလွှမ်းမိုးတော့မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်အထက်က နခွမ်စ၀မ်၊ချိုင်နာ့၊ အယုဒ္ဓယ၊ နခေါင်ပထုံ စတဲ့ ခရိုင်တွေမှာ ၂ လခန့်ကြာအောင် လွှမ်းမိုးနေတဲ့ရေတွေကို ပင်လယ်ထဲအမြန်ဆုံးစီဆင်းဖို့အတွက် ကြားမှာခံနေတဲ့ ဘန်ကောက်မြို့တော်ကို ရေဖြတ်သန်းနိုင်ဖို့ လမ်းဖွင့်ပေးတော့မယ်လို့ မနေ့ညနေပိုင်းမှာ ထိုင်းအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘန်ကောက်မြို့တော်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ကျောက်ဖုရားမြစ်နှင့် ဆက်သွယ်နေတဲ့ တူးမြောင်း ၁၁ ခုက ရေတံခါးတွေကိုလည်း လိုအပ်သလို ဖွင့်ချမယ်လို့ဆိုပါတယ်။

ရေတံခါးတွေဖွင့်ချာတာကြောင့် စနေနေ့ မွန်းလွဲ ၁ နာရီခန့်က စပြီး ဘန်ကောက်အတွင်းပိုင်းက ဖဟိုယိုထင်၊ လော့ဖရောင်း၊ ရာမ ၉၊ ဖက်ခ်ျဘူရီ၊ စူခွန်ဗစ်၊ ရာမ ၄ စတဲ့ လမ်းတွေနှင့် ရပ်ကွက်ဇုန် အများအပြားကို ဒူးဆစ်မှ ခါးအထိ ရေတဖြည်းဖြည်းလွမ်းမိုးသွားမှာပါ။ 

၂ လလောက်ကြာအောင် ဘန်ကောက်မြို့ရဲ့ တစိတ်သဒေသ ရေလွှမ်းမိုးမယ်လို့ ထိုင်းအစိုးရဌာနတွေနှင့် အထူးပညာရှင်တွေက ထိုင်းရုပ်သံအစီအစဉ်ကနေ ပြောဆိုလိုက်ပါတယ်။ 

ဘန်ကောက်ရေဘေးဒုက္ခသည်တွေထဲက မြန်မာဒုက္ခသည်တွေကိုတော့ နိုင်ငံတကာ ဒုက္ခသည်ကော်မတီ (အိုင်အာစီ) အပါအ၀င် အဖွဲ့အစည်း ၂၀ ကျော်ပူးပေါင်းဖွဲ့စည်းထားတဲ့ Migrant Worker Group က ကူညီဆောင်ရွက်ပေးနေကြောင်း အဖွဲ့ တာဝန်ရှိသူတဦးက ပြောပြပါတယ်။ 

“ဘန်ကောက်မှာတော့ ဘယ်နေရာတွေမှာ ရေဘယ်လောက်တက်မယ်၊ စင်တီမီတာ ဘယ်လောက်အထိတက်မယ် ဆိုတာကို သတ်မှတ်ထားတာ ရှိပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေဆိုရင် သူတို့ရဲ့ အရေးကြီးပစ္စည်း၊ စာရွက်စာတမ်းတွေသိမ်းထားဖို့ လိုပါတယ်။ အကူအညီပေးမယ့် အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပတ်တွေကိုလည်း သိထားဖို့လိုပြီး အရေးပေါ်တော့ အကြောင်းကြားလို့ရတာပေါ့။”

ရေဘေးသင့် မြန်မာအလုပ်သမားတွေ အရေးပေါ်အကူအညီ တောင်းနိုင်ဖို့ ဖုန်းနံပတ်တွေထဲက တချို့ကတော့ ၀၈၂-၄၉၈၉၅၈၅၊ ၀၈၁-၆၈၄၀၆၁၂၊ ၀၈၁-၄၅၂၇၂၂၁၊ ၀၈၅-၉၂၂၈၄၅၁၊ ဝ၈၅-၃၂၆၈၂၆၃၊ ဝ၈၁-၆၂ဝ၄၄၈၆၊ ဝ၈၅-၃၃၂၇၅၅၃၊ ဝ၈၃-ဝ၆၂၇၅၄၃၁၊ ဝ၈၄-၆၃၇၅၂၇၁စတာတွေ ဖြစ်ပါတယ်။ ဖုန်းနံပတ်ကို မြန်မာစကားနဲ့ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။
Ref: DVB

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes