Monday 17 October 2011

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် BIDC ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာလူငယ်အသင်း ထိုင်းကို အနိုင်ရရှိပြီး ဗိုလ်စွဲ

738
BIDC Cup ပြိုင်ပွဲတွင် အနိုင်ရရှိပြီး အောင်ပွဲခံနေသော မြန်မာလူငယ်အသင်း
ကမ္ဘောဒီးယားနိုင်ငံတွင် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကျင်းပခဲ့သော BIDC Cup (Bank of Investment & Development for Cambodia) ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ မြန်မာလူငယ်အသင်းက ထိုင်းလူငယ် အသင်းကို အချိန်ပိုတွင် သွင်းယူသော ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
မြန်မာလူငယ် အသင်းသည် ဗိုလ်လုပွဲအဖြစ် ထိုင်းလူငယ်အသင်း နှင့်ယှဉ်ပြိုင်ကစားခဲ့ရာ၌ ပွဲကစားချိန် မိနစ် ၄၀ တွင် ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း ၄၂ မိနစ်၌ ဇော်လင်းက ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီး မိနစ် ၉၀ ပြီးဆုံးချိန်အထိ (၁-၁)ဂိုးစီ သရေကျနေခဲ့သည်။ ထို့ကြောင့် အချိန်ပို ဆက်လက်ကစားရာတွင် ၁၀၅ မိနစ်၌ သက်နိုင်က မြန်မာ လူငယ်အသင်းအတွက် ဗိုလ်စွဲစေမည့် ဂိုးကို သွင်းယူခဲ့ကြောင်း သိရသည်။ မြန်မာလူငယ် အသင်းသည် အုပ်စု(ခ)၌ အိမ်ရှင် ကမ္ဘောဒီးယား လူငယ်အသင်း၊ လာအိုလူငယ်အသင်းတို့နှင့် အတူ ကျရောက်ခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်က အဖွင့်ပွဲစဉ်အဖြစ် လာအိုလူငယ် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့ တွင် အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယား လူငယ်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာတွင် (၂-၂)ဂိုးစီ သရေကျခဲ့ပြီး ပေးလိုက်ရသော ချေပဂိုးများထဲ၌ ပယ်နယ်တီတစ်ဂိုး ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာလူငယ် အသင်းသည် အုပ်စုဗိုလ်အဖြစ် အကြို ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ဗီယက်နမ် လူငယ်အသင်းနှင့် တွေ့ဆုံခဲ့သည်။ အကြိုဗိုလ်လုပွဲတွင် မိနစ် ၉၀ ပြီးဆုံး ချိန်အထိ (၁-၁) ဂိုးစီ သရေကျနေသောကြောင့် အချိန်ပို မကစားတော့ဘဲ ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ မြန်မာလူငယ် အသင်းက (၅-၄)ဂိုး ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဗိုလ်လုပွဲတွင် ထိုင်းလူငယ် အသင်းကို အနိုင်ရရှိခဲ့မှုမှာ မြန်မာ လူငယ်အသင်းအတွက် ပြီးခဲ့သည့်အာဆီယံယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့မှုကို ပြန်လည်ချေဖျက်နိုင်ခဲ့ ခြင်းလည်းဖြစ်သည်။
၂၀၁၁ BIDC Cup မြန်မာအသင်း ပွဲစဉ်များ
အုပ်စုအဆင့်
မြန်မာ  ၄-၀     လာအို
မြန်မာ  ၂-၂     ကမ္ဘောဒီးယား
အကြိုဗိုလ်လုပွဲ
မြန်မာ  ၁-၁     ဗီယက်နမ်
(ပယ်နယ်တီ ၅-၄ ဂိုးဖြင့် မြန်မာနိုင်)
ဗိုလ်လုပွဲ
မြန်မာ  ၁-၁     ထိုင်း
(အချိန်ပိုတွင် ၂-၁ ဂိုးဖြင့် မြန်မာနိုင်)
Source: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes