Monday 17 October 2011

၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ်များမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန် အတွက်သာ တိုးမြှင့်ရယူသွားမည်၊


ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ ပေးပို့သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်နေရာကို တွေ့ရစဉ်

၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိ လာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ် နှစ်ခုမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန် အတွက်သာ တိုးမြှင့်ရယူသွားမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းသုံးအတွက် တစ်နေ့လျှင် ကုဗပေသန်း ၁၆၀ အထိ တိုးမြှင့် ရယူဖြန့်ဝေရေးအတွက် ၂၀၁၃ ခုနှစ် တွင်ထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့ မြေစီမံကိန်းသစ်နှစ်ခုမှ သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်း၌သာ ပိုမို သုံးမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုပြင် ၂၀၁၆ခုနှစ်တွင် ထပ်မံ တိုးမြှင့်ရရှိလာမည့် လုပ်ကွက် M-3 အောင်သိင်္ခစီမံကိန်းမှ ဓာတ်ငွေ့များ ကို ပြည်တွင်း၌ အဆင်ပြေစွာဖြန့်ဝေနိုင်ရန် အတွက်လည်း လက်ရှိပြည်တွင်းပိုက်လိုင်း စနစ်များကို Master Plan ရေးဆွဲကာ ပြုပြင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်းသုံး အတွက် ပိုမိုဖြန့်ဝေပေးမည်ဖြစ်ရာ သဘာဝဓာတ်ငွေ့များ ပို့လွှတ်ရာတွင် အသုံးပြုသည့် ရိုးရိုးသံပိုက်များအစား PE Coated ခေါ် ပလတ်စတစ်ဖုံး သံမဏိပိုက်များ အစားထိုးလဲလှယ်ခြင်း၊ အသစ်ခင်းကျင်းခြင်းတို့ကို အမေရိကန်ဒေါ်လာ ၁၂၆ သန်းခန့်နှင့် ကျပ်ငွေ ၁၇ ဘီလျံ ခန့်ကျခံ၍ နှစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုက်ဟောင်းများ အစားထိုးလဲလှယ်ခြင်းကို ၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်များ အတွင်း ကံပေါက်-မြိုင်ကလေး လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မြိုင်ကလေး-ရန်ကုန် လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ညောင်တုန်းမှ အင်းစိန်နှင့်မှော်ဘီ မြို့နယ်များသို့ဆက်သွယ်ထားသော ၁၄ လက်မ၊ ၁၀ လက်မ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ၌ သက်တမ်း ကြာမြင့်ပြီး သံချေးစား ဆွေးမြေ့နေသော အပိုင်းများအား ပလတ်စတစ် ဖုံးအုပ်ပိုက်များဖြင့် အစားထိုးလဲလှယ်ခြင်း၊ သံချေးစားမြေနှင့် ဆားငန်ရေ ထိတွေ့သောနေရာများအား ရှောင်ကွင်း၍ လမ်းကြောင်းပြောင်း ဆက်သွယ်ခြင်းလုပ်ငန်းကို ယခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈ နာရီလောက်က ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မြို့နယ်၊ ဒါးကကျေးရွာအနီးမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကျိုးပြတ်ပြီး ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ တချို့နေရာတွေက ဓာတ်ငွေ့ပိုက်လိုင်းတွေက သက်တမ်းကြာမြင့်နေပြီဖြစ်လို့ သံချေးစားခံရမှု တွေဖြစ်ပေါ်နေပါတယ်။ ဒါတွေကို သက်ဆိုင်ရာက ပြုပြင်မှုတွေ၊ ပိုက်လိုင်း အစားထိုးလဲလှယ်မှုတွေ ပြုလုပ် ပေးသွားဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် သဘာဝ ဓာတ်ငွေ့များရရှိရန်အတွက် မအူပင်၊ ညောင်တုန်း၊ အဖျောက်ဒေသများ၌ စမ်းသပ် တူးဖော်လျက်ရှိကြောင်း သိရှိရသည်။     
ပြည်တွင်း၌ စီအင်ဂျီဓာတ်ငွေ့ တပ်ဆင် အသုံးပြုနေသော မော်တော်ယာဉ်စီးရေ စာရင်း
ရန်ကုန်           ၂၅၀၀၀ ၀န်းကျင်
ရေနံချောင်း ၂၃၂
ချောက် ၂၃၁
ပုလိပ်၊ မန္တလေး ၄၅၇

  Source: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes