Wednesday 19 October 2011

ထိုင်းရေကြီးမှုကြောင့် ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကျော် ကုန်ကျဖွယ်ရှိ မြို့တော်ဘန်ကောက် ရေကြီးမည့်အန္တရာယ် ရင်ဆိုင်နေရဆဲ

b29_02
ရေလွှမ်းနေသော ဘန်ကောက်မြို့မြောက်ပိုင်းကို ဝေဟင်မှတွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ၁၀ စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြုံတွေ့နေရာ မြို့တော်ဘန်ကောက်သည်လည်း ရေလွှမ်းမိုးမှုခံရနိုင်သည်ဟု စိုးရိမ်မှုထပ်မံဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိုင်းစစ်သားများသည် အောက်တိုဘာလ ၁၈ ရက်တွင် သဲအိတ်တစ်သန်းကျော်အသုံးပြု၍ ရေတားနံရံများ အရေးပေါ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာထူးသက်တမ်း နှစ်လသာရှိသေးသော ၀န်ကြီးချုပ်ယင်လက်ခ်ရှင်နာဝပ်ထရာက ဘန်ကောက်မြို့သည် ရေလွှမ်းမိုးမှုအန္တရာယ်မှ ရှောင်လွှဲနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်း၍ ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး သေဆုံးသူ ၃၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။

ရေလွှမ်းမိုးမှုခံရပြီးနောက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယခင်ခန့်မှန်းထားသော ကုန်ကျစရိတ်ထက် ငါးဆပိုမိုများပြားကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကျော်ကုန်ကျမည်ဟု ထိုင်းဝန်ကြီးချုပ်က အောက်တိုဘာလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

စက်မှုဇုန်များ ရေလွှမ်းမိုးမှုမခံရစေရန် တာဝန်ရှိသူများက မလုပ်ဆောင်နိုင်ခဲ့ဘဲ ဘန်ကောက်အုပ်ချုပ်ရေးမှူး Sukhumbhand Paribatra က ဘန်ကောက်မြို့မှာ ရေလွှမ်းမိုးမှု အန္တရာယ်ကြုံနိုင်သေးကြောင်း သတိပေးခဲ့သည်။ ဘန်ကောက်မြို့ စီမံခန့်ခွဲရေးအဖွဲ့ (BMA) က သဲအိတ် ၁ ဒသမ ၂ သန်း ကျော်အသုံးပြု၍ ဘန်ကောက်မြို့ မြောက်ပိုင်းတွင် ရေတားနံရံများကို လက်မ ၂၀ ခန့် မြှင့်တင်သွားမည်ဖြစ်ပြီး ၄၈ နာရီအတွင်းပြီးစီးမည်ဟု မျှော်လင့်ထားကြောင်း ၎င်းကပြောကြားခဲ့သည်။

ရေလွှမ်းမိုးမှုကြုံခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန်အတွက် လက်ရှိဘဏ္ဍာရေးနှစ် အသုံးစရိတ်ဖြစ်သော ထိုင်းဘတ်ဘီလျံ ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ) ကို ထိုင်းဘတ်ဘီလျံ ၄၀၀ အထိ တိုးမြှင့်သုံးစွဲသွားရန် အစိုးရက အောက်တိုဘာလ ၁၈ ရက်တွင် အတည်ပြုခဲ့သည်။ 
သုံးလကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရှိ ပြည်နယ်အားလုံး၏ သုံးပုံတစ်ပုံမှာ ရေလွှမ်းမိုးမှု ခံစားနေရသည်။

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန်လုပ်ငန်းများဖြစ်သော ကားလုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုတို့ကို ခြိမ်းခြောက်ခဲ့သည်။ ရေကြီးမှုကြောင့် ထိုင်းဆန်ထုတ်လုပ်မှု ၁၀ ပုံ ၁ ပုံခန့် ပျက်စီးခဲ့သည်။ တိုယိုတာ၊ ဖို့ဒ်၊ ဟွန်ဒါ၊ အီဆူဇူးတို့သည် ထိုင်းနိုင်ငံတွင် ကားတပ်ဆင်ရေးလုပ်ငန်းများကို ဆိုင်းငံ့ထားသည်။
ရေကြီးမှုကြောင့် ထိုင်းစီးပွားရေးသည် ဒေါ်လာ ၄ ဒသမ ၉ ဘီလျံခန့် ထိခိုက်နိုင်ပြီး စီးပွားရေးတိုးတက်မှု ၁ ဒသမ ၃ မှ ၁ ဒသမ ၅ ရာခိုင်နှုန်းထိ ထိခိုက်နိုင်ကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးတက္ကသိုလ်က ခန့်မှန်းထားသည်။

Source: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes