Saturday 9 June 2012

"ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေအနေနှင့် ပတ်သက်ပြီ နောက်ဆုံးရသတင်းများ"

ဇွန်လ ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်

ဇွန်လ ၉ ရက်နေ့ နံနက် နောက်ဆုံး သိရှိရသော သတင်းများအရ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော မောင်တောဒေသခံများအနေဖြင့် အလယ်ရွာ၊ ဒက်ရွာ၊ ၀ိမလရွာ အစရှိသည့် ရခိုင်တိုင်းရင်သားများ နေထိုင်သည့် ရွာများတွင် သွားရောက် နေထိုင်နေကြကြောင်း သိရသည်။  ဇွန်လ ၈ ရက်နေ့ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အနီးအနား ရွာများမှ ဒေသခံဒဏ်ရာရရှိသူများ မောင်တော ဆေးရုံသို့ ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။ မောင်တောမြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဘင်္ဂါလီရိုဟင်ဂျာများသည် ၄င်းတို့နေထိုင်သည့် ရွာများတွင် စုရုံးမှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်

စစ်တွေမြို့လယ်ရှိ အားကစားရုံအနီးတွင် GTC ကျောင်းသားတစ်ယောက် အသတ်ခံခဲ့ရကြောင်း သိရှိရသည်။ မည်သို့ သေဆုံးခဲ့သည်ကို မသိရှိရသေးပါ။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်

ဇွန်လ ၉ ရက်နေ့ နံနက် မောင်တောမြို့တွင်း လက်ရှိအခြေအနေမှာ ငြိမ်သက်နေပြီး မြို့တွင်းသို့ ပေးဝေနေသည့်ရေကို စည်ပင်သာယာက ရပ်တန့်လိုက်ကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရပ်တန့်လိုက်ရခြင်းမှာ ရေပေးဝေနေသည့် ကန်တော်ကြီးကန်ကို ဘင်္ဂါလီများက အဆိပ်ခပ်လိုက်သောကြောင့် ဖြစ်ကြောင်း မောင်တောမြို့ခံများက ဆိုပါသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ Eleven Media Group အနေဖြင့် အတည်ပြုနိုင်ရန် ဆက်သွယ်စုံစမ်းနေပြီဖြစ်ပါသည်။ ထို့ပြင် မောင်တောမြို့ဝန်းကျင်ရှိ ခရေကုန်းဘောင်ရွာမှ ဓားဒဏ်ရာများဖြင့် အသတ်ခံရသော ကျောင်းဆရာမ နှစ်ဦး၏ အလောင်းများ မောင်တောဆေးရုံသို့ ယနေ့နံနက် ရောက်ရှိလာကြောင်း သိရသည်။ စစ်တပ်အနေဖြင့် မောင်တောမြို့တွင်းသို့ ဘင်္ဂါလီများ ၀င်ရောက်လာမှု မရှိရန် မြို့ပြင်မှနေ၍ တားဆီးကာကွယ်နေကြောင်း သိရသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၃၆ မိနစ်

မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များ အပြင် အရန်အဖြစ် တပ်မတော်မှ ဒုစကခမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကျက် ချထားလျက် ရှိကြောင်း၊
နယ်စပ်ဒေသများ လုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၆)စီး ဖြန့်ကျက်ချထား ကာ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။
ယမန်နေ့ညက ကျေးရွာများတွင် မနေရဲ၍ တောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင် ပုန်း အောင်းနေခဲ့ကြရသော ရွာသူ/ရွာသားများကို တပ်မတော် တပ်ရင်းများမှ လိုက်လံရှာဖွေ ခေါ်ယူလျက် ရှိကြောင်း၊ မောင်တောမြို့နယ်အတွင်း ဆူပူအုံကြွ ဖျက်ဆီးမှုများကြောင့် ပျက်စီးမှု အခြေအနေမှာ (ဇွန် ၉ ရက်နေ့၊ နံနက် ၀၁၁၀ ချိန်အထိ) စုစုပေါင်း အိမ်ခြေ ၃၈၆ လုံး၊ ဈေးဆိုင် ၁၉ ခန်း၊ တည်းခိုခန်း ၁ ခန်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၈ မိနစ်

နေအိမ်မီးရှို့ခံရခြင်း၊ ဆူပူအုံကြွခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူများကို မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် (၃)နေရာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။

စစ်တွေမြို့လယ်ရှိ အားကစားရုံအနီးတွင် သေဆုံးခဲ့သော ကျောင်းသားမှာ ကျောက်ဖြူမြို့မှ လာတက်သော ပထမနှစ် GTC ကျောင်းသားဖြစ်ပြီး ကိုထွန်းမြင့်အောင် (၂၃) နှစ် ဖြစ်ကြောင်း သိရသည်။ သေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် ယနေ့နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့ပေါ်၌ ရဟတ်ယာဉ်တစ်စင်း ပျံသန်းသွားခဲ့ကြောင်း သိရသည်။

နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes