Thursday 7 June 2012

ဒေါ်စုကို မြန်မာရဲ့ မျော်လင့်ချက်လို့ အစိုးရမီဒီယာမှာ ဖော်ပြ

မြန်မာအစိုးရပိုင် ​သတင်းစာမှာ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​တန်းတူထား ​ဖေါ်ပြခဲ့ပြီး  ​ဒေါ်အောင်ဆန်းစုကြည်ကို ​မြန်မာနိုင်ငံရဲ့ ​မျှော်လင့်ချက်အဖြစ်ဖေါ်ပြကာ ​သူတို့နှစ်ဦးအနေနဲ့ ​ပူးပေါင်းလုပ်ကိုင်မှုတွေပြုကြဖို့ ​တိုက်တွန်းကြောင်းလည်း ​ရေးသားဖေါ်ပြခဲ့တယ်လို့ ​သိရပါတယ်။
မြန်မာအစိုးရရဲ့ ​အာဘော်တွေကိုသာ ​အသားပေးဖော်ပြတတ်တယ်လို့ ​ဝေဖန်ခံခဲ့ရတဲ့ ​မြန်မာ့အလင်း ​သတင်းစာတိုက်ရဲ့ ​New ​Light ​of ​Myanmar သတင်းစာပါ ​ဆောင်းပါးမှာ ​မြန်မာနိုင်ငံအတွက် 
မျှော်လင့်ချက်ဖြစ်တဲ့ ​ခေါင်းဆောင်များသို့လို့ခေါင်းကြီးတပ် ​ဖေါ်ပြခဲ့ပြီး ​အလျှင်အမြန်ပြုပြင်ပြောင်း လဲနေတဲ့ ​နိုင်ငံရဲ့ ​အနာဂတ်ဟာ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​သမ္မတ ​ဦးသိန်းစိန်တို့ ​အတူတကွ လက်တွဲလုပ်ဆောင်မှုတွေအပေါ် ​လုံးလုံးလျားလျား မှီတည်နေတယ်လို့ ​ရေးသားဖေါ်ပြခဲ့တာ
ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့အနာဂတ်ကို အကောင်အထည်ဖော်ရာမှာ ​နိုင်ငံသမ္မတနဲ့ ​ဒေါ်အောင်ဆန်းစုကြည်တို့ 
ခေါင်းဆောင်နှစ်ဦးအပေါ်မှာ ​မှီတည်နေပြီး ​သူတို့နှစ်ဦးအနေနဲ့ ​အပြန်အလှန်ယုံကြည်မှုနဲ့ ​နားလည်မှုပေါ် အခြေခံပြီး ​ပူးပေါင်းဆောင်ရွက်သွားသင့်တယ်လို့ ​ရေးထားပါတယ်။

ဒါပေမယ့်လည်း ​နိုင်ငံအခြေအနေပွင့်လင်းလာမှုကြောင့် ​ဖြစ်ပေါ်လာမယ့် ​စီးပွားရေးတိုးတက်မှုကို ​မထိခိုက်စေသင့်ဘူးလို့ ​ရေးထားပြီး ​သူတို့အနေနဲ့ ​အတ္တစိတ်နဲ့ တကိုယ်ကောင်း ဆန်မှုတွေကို ​ဘေးဖယ်ထားဖို့လည်း ​တိုက်တွန်းရေးသားထားပါတယ်။

သမ္မတဦးသိန်းစိန် ​ကိုသာမကပဲ ​ဒေါ်အောင်ဆန်းစုကြည်ကိုပါ ​အမျှော်အမြင်ကြီးသူတွေလို့ ​ညွှန်းဆိုရေးသားတာဟာ ​မကြုံစဖူး ​ထူးခြားတယ်လို့ ​ပြောဆိုမှုတွေရှိနေပါတယ်။ ​အငြင်းပွားဖွယ်ရာ ​၂၀၁၀ ​ခုနှစ် ​ရွေးကောက်ပွဲအပြီး ​ဒေါ်အောင်ဆန်းစုကြည် ​နေအိမ်အကျယ်ချုပ်ကလွတ်လာကတည်းက ​နိုင်ငံပိုင် သတင်းစာတွေမှာ ​မထင်မရှားသာ ​ဖေါ်ပြခံခဲ့ရတဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကို ​အခုလို ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​တန်းတူထား ​ဖေါ်ပြတာဟာ ​ထူးခြားချက်ဖြစ်တယ်လို့ ​ပြောဆိုတာတွေ ​ရှိနေကြောင်းလည်း ​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​မကြာသေးခင်ကပြီးစီးခဲ့တဲ့ ​ကမ္ဘာ့စီးပွားရေးဆွေးနွေးဖလှယ်ပွဲ ​အမှာစကားနဲ့ ​ပတ်သက်ပြီးတော့လည်း ​ရေးသားထားရာမှာ ​အလုပ်အကိုင်တွေဖန်တီးပေးဖို့ကိစ္စတွေနဲ့ ​ပတ်သက်ပြီး ​ပြောခဲ့တဲ့အတွက် ​စိတ်သက်သာရာ ​ရမိပေမယ့်လည်း ​မြန်မာနိုင်ငံရဲ့ ​တရားစီရင်ရေးစနစ်နဲ့ ​ပတ်သက်ပြီး ​ပြောခဲ့တာနဲ့ ​ပြည်ပကသူတွေကို ​မြန်မာနိုင်ငံရဲ့ ​အခြေအနေနဲ့ ​ပတ်သက်ပြီး ​လွန်လွန်ကျူးကျူး ​အကောင်းမမြင်ကြဖို့ ​ပြောခဲ့တာတွေအတွက်တော့ ​စိုးရိမ်မိကြောင်း ​ဒီလိုပြောခဲ့တဲ့အတွက် ​တံခါးပိတ်ထားသလို ​ဖြစ်မှာကို ​စိတ်ပူပန်မိတဲ့အကြောင်း ​ရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲ့ ​သမိုင်းတစ်လျောက်မှာ ​တစ်သက်မှာတစ်ခါသာကြုံရတဲ့ ​အခွင့်အလမ်းဖြစ်တဲ့အတွက် ​ဒီလိုရွှေရောင်အခွင့်အရေးကိုလက်လွှတ်ဆုံးရှုံးရမှာကိုအစိုးရိမ်ပိုမိတယ်လို့လည်း ​ရေးသားဖေါ်ပြထားပါတယ်။

Ref: Radio Australia 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes