Thursday 13 October 2011

အကျဉ်းသားများ တရက်တည်းတွင် အပြတ်လွှတ်

အစိုးရက အကျဉ်းသား ၆၃၅၉ ဦးအား တရက်တည်းဖြင့် အပြီးအပြတ် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာနကဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသားများ (ဓာတ်ပုံ - AP)
ထိုသို့ လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ သီးသန့် သတ်မှတ်ခြင်း မရှိကြောင်း၊ မည်သည့်အချိန်မှ ထပ်မံပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ကို မသိပါကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
နိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်နေသည့် လေ့လာသူများ ပြုစုထားသော စာရင်းများအရ လွှတ်ပေးသည့် အကျဉ်းသား ၆၃၅၉ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၀၇ ဦးသာ ပါဝင်သည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု အဖွဲ့မှ ကိုတိုးကျော်လှိုင်က “၀မ်းသာမှု၊ ၀မ်းနည်းမှုတွေ ရောပြွမ်းနေတယ်ဗျာ။ လွတ်တဲ့သူတွေအတွက် ၀မ်းသာသလို၊ တယောက်မကျန် လွတ်တဲ့အထိ ဆက်လက် လုပ်ဆောင်ရမယ်” ဟု ၎င်းက ဆိုသည်။
ယမန်နေ့က လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် အများစုမှာ လွတ်ရက်စေ့ခါနီးများ ဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။
အကျဉ်းထောင်များတွင် ကျန်ရစ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကိုပြုစုပြီး မကြာမီ ဒေါ်အောင်ဆန်းစုကြည် လက်သို့ ပေးအပ်မည် ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေခြင်းသည် ဒီမိုကရေစီကို အကောင်အထည် ဖော်နေသည့် အစိုးရသစ်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အဖုအထစ်တခု ဖြစ်လာနိုင်ကြောင်း၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ပြည်သူများထံမှ လက်မှတ်များ ကောက်ခံကာ သမ္မတဦးသိန်းစိန်ထံ ပို့ပေးသည့် လှုပ်ရှားမှုတရပ် မကြာမီ  လုပ်ဆောင်မည်ဖြစ်ကြောင်း ကိုတိုးကျော်လှိုင်က ဆိုသည်။
ယမန်နေ့က လွတ်မြောက်လာသူများ စာရင်းတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်ခြင်း မရှိ သကဲ့သို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင် တဦးမှလွဲ၍ ကျန်တိုင်းရင်းသား ခေါင်းဆောင်များလည်း လွတ်မြောက်လာခြင်း မရှိပေ။
၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုတွဲများမှ မြတ်မန္တလာ ကိုကိုကြီး (ခ) သိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ လေးလေးမွန်၊ မြင့်လွင်ဦး (ခ) သားကြီး စသည့် သူများသာ လွတ်မြောက်လာသည်။
ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည့် စာရင်းများအရလည်း နိုင်ငံရေး အကျဉ်းသား ၂၀၇ ဦးသာ ပါဝင်သည်ဟု သိရသည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးသည်ကို ကျေးဇူးတင် ကြိုဆိုကြောင်း၊ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် တိုက်တွန်း ကြောင်း ယမန်နေ့က ပြောဆိုသည်။
ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာကလည်း နိုင်ငံရေး အကျဉ်းသားတချို့ လွတ် မြောက်လာခြင်းကို ကြိုဆိုကြောင်း၊ ကျန်ရှိ အကျဉ်သားများကို ဆက်လက် လွှတ်ပေးရန်လိုကြောင်း ယမန်နေ့က ပြောဆိုသည်ဟု Reuters သတင်းတပုဒ်တွင် ဖော်ပြထားသည်။
Source: ဧရာဝတီ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes