Thursday 13 October 2011

ထိုင်းရောက်မြန်မာအလုပ်သမားနှစ်သန်း မှတ်ပုံတင်ရေး အလုပ်သမား ဒု-၀န်ကြီးနှင့် မေးမြန်းချက်

မြန်မာအလုပ်သမား​ ဒု-ဝန်ကြီး​ ဦး​မြင့်​သိန်း​ ဦး​ဆောင်တဲ့​ မြန်မာကိုယ်စား​လှယ်အဖွဲ့​ဟာ ထိုင်း​နိုင်ငံမှာ​ရောက်ရှိ​နေပြီး​ ထိုင်း​နိုင်ငံ​ရောက် မြန်မာလုပ်သား​အား​လုံး​ ယာယီမှတ်ပုံတင်ကတ် ထုတ်​ပေး​နိုင်​ရေး​ ထိုင်း​အစိုး​ရနဲ့​ ​ဆွေး​နွေး​နေပါတယ်။

ဒီအစီအစဉ်အရ မြန်မာတာဝန်ရှိသူ​တွေက ထိုင်း​နိုင်ငံကို သွား​ရောက် လုပ်ကိုင်​ပေး​မယ့်​ စနစ်ဖြစ်တယ်လို့​ ဆိုပါတယ်။

ဒါ့ ​အပြင် အလုပ်လုပ်ခွင့်​ ကန်ထရိုက် သက်တမ်း​ကုန်တဲ့​အခါ အလုပ်ဆက်လုပ်ခွင့်​ရ​ရေး​၊​ အလုပ်သမား​အခွင့်​အ​ရေး​ စတာ​တွေကို ထိုင်း​တာဝန်ရှိသူ​တွေနဲ့​ ​ဆွေး​နွေး​နေတယ်လို့​ ဒု-ဝန်ကြီး​က ​ပြောပါတယ်။

ပြည်တွင်း ​မှာလည်း​ အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေကို အစိုး​ရက တမြန်​နေ့​က အတည်ပြုလိုက်ပြီဖြစ်လို့​ အလုပ်သမား​တွေ လွတ်လွပ်လပ်လပ် အသင်း​အပင်း​ ဖွဲ့​စည်း​လှုပ်ရှား​ခွင့်​ ရ​နေပြီလို့​ ဝန်ကြီး​ ဦး​မြင့်​သိန်း​က ​ပြောပါတယ်။

အလုပ်သမား​ဝန်ကြီး​ဌာန ဒု-ဝန်ကြီး​ဟာ ဘန်​ကောက်မြို့​ မဟာချိုင်​ဒေသက မြန်မာအလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေသူ​တွေကိုလည်း​ ​တွေ့​ဆုံသွား​ပါတယ်။

အလုပ်သမား​အ​ရေး​ကိစ္စ​တွေနဲ့​ ပတ်သက်လို့​ အလုပ်သမား​ဒုဝန်ကြီး​ ဦး​မြင့်​သိန်း​ကို ဆက်သွယ်​မေး​မြန်း​ချက်။
ထိုင်း​နိုင်ငံကို ဘာအတွက်လာရလဲဆိုတာ အကျဉ်း​ချုပ် ​ပြောပြ​ပေး​ပါ။

“ပြည်ပ ​ရောက် အလုပ်သမား​အများ​စုဟာ ထိုင်း​နိုင်ငံမှာ အများ​ဆုံး​ရောက်ရှိ​နေတယ်။ သမ္မတကြီး​ မိန့်​ခွန်း​အဖွင့်​မှာလည်း​ ​ပြောခဲ့​တယ်။ ပြည်ပ​ရောက် မြန်မာအလုပ်သမား​တွေကို အတတ်နိုင်ဆုံး​ ကူညီ​စောင့်​ရှောက်​ပေး​ရမယ်။ ဒါ တိုင်း​ပြည်ရဲ့​ ဖွံ့​ဖြိုး​မှု၊​ အင်အား​ပဲလို့​ ​ပြောထား​တာရှိပါတယ်။ အခု ပြည်ပအလုပ်အကိုင်​ကော်မတီဆိုတာကို အလုပ်သမား​ဝန်ကြီး​က ဥက္ကဋ္ဌ၊​ နယ်စပ်​ရေး​ရာဝန်ကြီး​က ဒု- ဥက္ကဋ္ဌ၊​ ​ကော်မတီမှာ ကျ​နော်က အတွင်း​ရေး​မှူး​။ ဖွဲ့​စည်း​ပြီး​ရင်​တော့​ နှစ်နိုင်ငံ ယာယီနိုင်ငံကူး​လက်မှတ်​တွေ အမြန်ဆုံး​ လုပ်​ပေး​နိုင်​အောင်၊​ နိုင်ငံသား​တွေ စိစစ်နိုင်​အောင် ညှိနှိုင်း​တဲ့​ အစည်း​အ​ဝေး​လေး​ စီစဉ်ရင်း​နဲ့​ အလုပ်သမား​တွေ အများ​ဆုံး​ရှိတဲ့​ မဟာချိုင်က အလုပ်သမား​တွေကို လာ​တွေ့​တာပါ။”

အခုခရီး ​စဉ်ဟာ ထိုင်း​နိုင်ငံမှာရှိတဲ့​ မြန်မာအလုပ်သမား​တွေအကြား​ အသစ်အဆန်း​ဖြစ်​နေသလို ထိုင်း​ရောက်​နေတဲ့​ မြန်မာ​တွေအတွက် လုပ်ငန်း​ခွင်နစ်နာမှု​တွေ လခကို သတ်မှတ်ချက်အတိုင်း​ မရတာ​တွေနဲ့​ပတ်သက်ပြီး​ ဝန်ကြီး​တို့​အ​နေနဲ့​ အနိမ့်​ဆုံး​အဆင့်​ ဘယ်​လောက်ထိ ကုစား​ပေး​နိုင်မလဲ။

“ကျ​နော်တို့​ လိုအပ်​နေတဲ့​အဆင့်​တွေက​တော့​ သူ့​အဆင့်​အတိုင်း​ဆို နည်း​နည်း​လေး​ အ​ခြေခံအဆင့်​တွေ ရှိ​သေး​တယ်။ ဘာလို့​လဲဆို​တော့​ အ​ထောက်အထား​ မရှိ​သေး​တဲ့​ သူ​တွေကို အ​ထောက်အထား​ ရဖို့​က အမြန်လုပ်ရမှာက ပထမ အ​ရေး​အကြီး​ဆုံး​ဖြစ်တယ်။ အ​ထောက်အထား​ရပြီး​တဲ့​ ​နောက်ပိုင်း​မှာ အလုပ်ရှင် အလုပ်သမား​ ပြဿနာ​တွေနဲ့​ နစ်နာဆုံး​ရှုံး​မှု​တွေကို နိုင်ငံတကာစံနှုန်း​တွေနဲ့​ ညီ​အောင် လုပ်​ပေး​ရမယ့်​ဥစ္စာက​တော့​ ​နောက်ပိုင်း​ ဆက်တိုက်လုပ်ရမယ့်​ ပြဿနာ​တွေပါပဲ။”

ထိုင်း​မှာ​ရောက် ​နေတဲ့​ အလုပ်သမား​ ၂ သန်း​လောက်က မှတ်ပုံတင်မယ်ဆိုရင် နိုင်ငံအတွက် ဝင်​ငွေဘယ်​လောက်ထိ​အောင် ရနိုင်တယ်လို့​ ဝန်ကြီး​တို့​ ခန့်​မှန်း​ထား​ပါသလဲ။

“အခုလည်း​ပဲ သူတို့​ ထိုင်း​နိုင်ငံ​ရောက်​နေတဲ့​ အလုပ်သမား​တွေက ပြည်တွင်း​ကို သူတို့​နည်း​သူတို့​ဟန်နဲ့​ ​ငွေ​တွေလွှဲ​နေတာပဲ​လေ။ ဒါလည်း​ တိုင်း​ပြည်ကို ​ငွေ​တွေ စီး​ဆင်း​နေတာ။ အဲဒီ​တော့​မှ တကယ့်​ကို တရား​ဥပ​ဒေလမ်း​ကြောင်း​က​နေ စီး​ဆင်း​လာရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။ အခုအ​နေအထား​က​တော့​ ကြား​မှာ အလိမ်ခံရတာတို့​၊​ အ​ဖျောက်ခံရတာတို့​၊​ ဒီလိုပြဿနာ​တွေလည်း​ ရှိ​တော့​ အဲဒါ​တွေကို ကျ​နော်တို့​က လုံခြုံ​အောင်လို့​ လုပ်​ပေး​ချင်တဲ့​ အ​နေအထား​ပါပဲ။ ဘယ်လိုပုံစံနဲ့​ပဲ စီး​ဆင်း​နေပါ​စေ တိုင်း​ပြည်အတွက် ​ငွေက​တော့​ စီး​ဝင်​နေတာဖြစ်ပါတယ်။”

ပြည်တွင်း ​မှာလည်း​ အလုပ်သမား​တွေက သမဂ္ဂ​တွေ ထူ​ထောင်ချင်ကြတယ်။ ဒီလိုထူ​ထောင်ဖို့​ အခွင့်​အလမ်း​လည်း​ ဒီမိုက​ရေစီ နိုင်ငံမှာရှိပါတယ်။ မြန်မာနိုင်ငံက ဒီမိုက​ရေစီနိုင်ငံဖြစ်ပြီလို့​ ဝန်ကြီး​တို့​ဘက်က ​ပြော​နေ​တော့​ အလုပ်သမား​သမဂ္ဂ​တွေ ထူ​ထောင်​ရေး​က ခွင့်​ပြုသင့်​ပြီ မဟုတ်လား​။

“ခွင့် ​ပြုထား​ပါပြီ။ ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​တ​နေ့​က အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေကို သမ္မတကြီး​ လက်မှတ်ထိုး​လိုက်ပါပြီ။ နှစ်ပတ်အတွင်း​မှာ အဲဒီဥပ​ဒေက အတည်ဖြစ်သွား​ပါပြီ။ အဲဒီကျရင် အလုပ်သမား​အဖွဲ့​အစည်း​တွေ စနစ်တကျ ဖွဲ့​စည်း​လို့​ရသွား​ပါပြီ။”

ဒါဆိုရင် ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနမှာ မှတ်ပုံတင်ရမှာ​ပေါ့​။

“ဟုတ်ပါတယ်။ ပြည်ထဲ​ရေး​မှာ မှတ်ပုံတင်တယ်ဆိုတာထက် အ​ယောက် ၃၀ ရှိတယ်ဆိုရင် သူတို့​သ​ဘောနဲ့​သူတို့​ လွတ်လွတ်လပ်လပ် ဖွဲ့​စည်း​ပိုင်ခွင့်​ရှိပါတယ်။”

အလုပ်သမား ​သမဂ္ဂ​တွေ ဖွဲ့​တဲ့​နေရာမှာ အလုပ်ရှင်​တွေ၊​ အလုပ်သမား​တွေနဲ့​ သက်ဆိုင်ရာ တာဝန်ရှိတဲ့​သူ​တွေ စက်ရုံပိုင်ရှင်​တွေ စကား​ပြောတာက​တော့​ တဆင့်​ပေါ့​၊​ ​နောက်တဆင့်​က သူတို့​ရဲ့​လိုလား​ချက်​တွေကို ထုတ်​ဖော်ပြီး​တော့​ ပွင့်​ပွင့်​လင်း​လင်း​ ​ဝေဖန်​ပြောဆိုတာ​တွေကို ဝန်ကြီး​တို့​ဌာန​တွေက ခွင့်​ပြုပါသလား​။

“လုပ်ခွင့်​ရှိပါတယ်။ အဲဒီဟာကို ရည်ရွယ်ပြီး​တော့​ ကျ​နော်တို့​က အလုပ်သမား​တွေကို လွတ်လွတ်လပ်လပ် ဖွဲ့​စည်း​ခွင့်​ပေး​တယ်ဆိုတာ သူတို့​ရဲ့​ ရပိုင်ခွင့်​တွေ၊​ သူတို့​ရဲ့​ ​တောင်း​ဆိုပိုင်ခွင့်​တွေကို လွတ်လွတ်လပ်လပ် ​တောင်း​ဆိုနိုင်​အောင်လို့​ ပိုပြီး​ရည်ရွယ်တာပါ။ အရင်ကလည်း​ ​တောင်း​ဆိုပိုင်ခွင့်​တွေ ရှိပါတယ်။ အခုက​တော့​ နိုင်ငံတကာစံနှုန်း​နဲ့​ညီပြီး​တော့​ ပိုပြီး​တော့​ ညီ​အောင် လုပ်​ပေး​လိုက်တဲ့​သ​ဘောပါ။ ပြည့်​စုံချင်တဲ့​သ​ဘောပါပဲ။”

သမ္မတဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာ တပ်မ​တော်အစိုး​ရလက်ထက်နဲ့​ ကွဲပြီး​ထွက်လာတဲ့​ မူအကျင့်​တွေလို့​ ​ပြောလို့​ရတာ​ပေါ့​။

“ဒီဟာက ​တော့​ ကျ​နော်တို့​ ဒီမိုက​ရေစီအစိုး​ရလက်ထက်မှာ​တော့​ သမ္မတကြီး​တို့​က တကယ့်​ကို ပီပီပြင်ပြင် လုပ်​နေတယ်ဆိုတာ ခင်ဗျား​တို့​ သိ​နေတာပဲ။ အခုက နိုင်ငံတကာစံနှုန်း​တွေနဲ့​မီ​အောင် အမြန်ဆုံး​အ​ကောင်အထည် ​ဖော်သွား​မယ်ဆိုတာ​တော့​ ဒါက​တော့​ ဘာမှလွဲမှား​စရာအ​ကြောင်း​ မရှိပါဘူး​။”

ဝန်ကြီး​ရဲ့​ ထိုင်း​နိုင်ငံခရီး​စဉ်အတွင်း​မှာ ​ဆွေး​နွေး​ပွဲ​တွေက​နေ အချုပ်အား​ဖြင့်​ ရည်မှန်း​ထား​တဲ့​ရလဒ် ဘယ်​လောက်ထိ​အောင် ​ပေါက်​မြောက်မလဲ။ အဲဒါ​လေး​ နည်း​နည်း​ရှင်း​ပြ​ပေး​ပါ။

“အခု ထိုင်း​အစိုး​ရအသစ်ကလည်း​ ​တော်​တော်​လေး​ကို စိတ်​စေတနာ ​ကောင်း​ပါတယ်။ အဲဒီအတွက် ကျ​နော်တို့​ အလုပ်သမား​တွေရဲ့​ နိုင်ငံသား​စိစစ်တာတို့​၊​ ယာယီနိုင်ငံကူး​လက်မှတ် ထုတ်​ပေး​တာတို့​ကို ဒီနိုင်ငံထဲထိ ဝင်ပြီး​တော့​ လုပ်​ပေး​နိုင်​အောင်လို့​ လာညှိတာပါ။ ​အောင်မြင်ဖို့​များ​ပါတယ်။ ​နောက်တချက်က ကျ​နော်တို့​ ခုန​ပြောတဲ့​ ဗီဇာခ ​လျှော့​ချဖို့​ကိစ္စတို့​၊​ ​နောက်ဆုံး​အ​ခြေအ​နေအရဆိုရင် အခု​ရေကြီး​တဲ့​အချိန်မှာ ကျ​နော်တို့​ အလုပ်သမား​တွေ ​ရေ​ဘေး​ဒုက္ခ ဖြစ်​နေတာကို လည်း​ ထိုင်း​အစိုး​ရက​နေ အကူအညီ​ပေး​ဖို့​၊​ သူတို့​ကို ​မေတ္တာရပ်ခံထား​ပါတယ်။ သူတို့​လည်း​ ကူညီ​ပေး​မယ်လို့​ ​ပြောပါတယ်။”

အခု ထိုင်း​နိုင်ငံမှာ ဝန်ကြီး​ချုပ်ယင်လတ်အစိုး​ရက အနိမ့်​ဆုံး​လုပ်အား​ခ ဘတ် ၃၀၀ ဆိုပြီး​ သတ်မှတ်တယ်။ ထိုင်း​ဥပ​ဒေအရဆိုရင် ထိုင်း​အလုပ်သမား​နဲ့​ မြန်မာအလုပ်သမား​က လစာအား​ဖြင့်​ ညီတူညီမျှ ခံစား​ရမယ်လို့​ပြောတယ်။ အဲဒီ​တော့​ အခု​လော​လောဆယ်မှာ ဘတ် ၃၀၀ လို့​ မသတ်မှတ်​သေး​ပေမယ့်​ မဲ​ဆောက်လို​နေရာမျိုး​မှာ အနိမ့်​ဆုံး​လုပ်အား​ခ တရက် ၁၆၅ ဘတ်လို့​ သတ်မှတ်​ပေမယ့်​လည်း​ မြန်မာလုပ်သား​တွေက ၆၅ ဘတ်​လောက်ပဲရတာ ​တွေ့​ရတယ်။ ဒီကိစ္စ​တွေကို ဝန်ကြီး​တို့​ အနီး​ကပ်​ပြောဆိုတာ ရှိလား​ခင်ဗျာ။

“လစာ ​တွေနဲ့​ပတ်သက်လို့​ လက်ရှိကိုပဲ ကျ​နော်တို့​ဆီက အလုပ်သမား​သစ်​တွေ သူတို့​နဲ့​ ညှိပြီး​လွှတ်​နေတဲ့​ ကိစ္စမှာ အနည်း​ဆုံး​ ဘတ် ၂၀၀ စပြီး​ရ​နေပါပြီ။ အဲဒါ​တွေက အလုပ်ရှင်-အလုပ်သမား​ ကန်ထရိုက် လက်မှတ်ထိုး​ပြီး​မှ လွှတ်တာဖြစ်တဲ့​အတွက် ရတယ်ဆိုတာ ​သေချာပါတယ်။ ​နောက်ပိုင်း​ကျရင်လည်း​ သူတို့​ ဘတ် ၃၀၀ သတ်မှတ်တဲ့​အတိုင်း​ တိတိကျကျ မရ​သေး​တောင် တဖြည်း​ဖြည်း​နဲ့​ မြင့်​ပြီး​ရလာဖို့​ အလား​အလာ​ကောင်း​ပါတယ်။ ကျ​နော်တို့​ အချင်း​ချင်း​လည်း​ ဒါ​တွေလည်း​ ​ပြောပါတယ်။ ကန်ထရိုက်စာချုပ်ပြီး​ရင်လည်း​ တနှစ်ချုပ်လား​၊​ တနှစ်ခွဲချုပ်လား​၊​ အဲဒီကန်ထရိုက်စာချုပ် ပြီး​ရင်လည်း​ အလုပ်​တွေ ​ရွှေ့​ပြောင်း​ပြီး​တော့​ လုပ်နိုင်ဖို့​လည်း​ ညှိခဲ့​ပါတယ်။”

ထိုင်း ​မှာ​ရောက်တဲ့​ မြန်မာအလုပ်သမား​ ၂ သန်း​ထက်​တောင် ပိုနိုင်တယ်လို့​ သိရပါတယ်။ ထိုင်း​ရောက်​နေတဲ့​ မြန်မာအလုပ်သမား​ ၂ သန်း​ကို ဝန်ကြီး​အ​နေနဲ့​ အသံလွှင့်​ဌာနကတဆင့်​ သူတို့​အတွက် အား​ရ​ကျေနပ်စရာ တခုခု ​ပြောပြ​ပေး​ပါလား​။

“အဲဒီဟာက​တော့​ တခြား​မဟုတ်ပါဘူး​။ ကျ​နော်တို့​ လာညှိတဲ့​ကိစ္စ​တွေက ထိုင်း​နိုင်ငံမှာ အများ​ဆုံး​ရောက်​နေပြီး​တော့​ ကျ​နော်တို့​တိုင်း​ပြည်အတွက် တနည်း​တလမ်း​အား​ဖြင့်​ သူတို့​က အ​ထောက်အကူ အကျိုး​ပြု​နေတာပဲ။ ​ဘေး​အန္တရာယ် ကင်း​ကင်း​ရှင်း​ရှင်း​နဲ့​ လုပ်နိုင်ဖို့​အတွက် နိုင်ငံတကာစံနှုန်း​တွေနဲ့​ ​လျော်ညီ​အောင် လုပ်နိုင်ဖို့​အတွက် ရည်ရွယ်ပြီး​တော့​ လာညှိနှိုင်း​ပါတယ်။ ဒါ​တွေက​တော့​ ​အောင်မြင်ဖို့​က ရာနှုန်း​ပြည့်​နီး​ပါး​ ဖြစ်ပါတယ်။ အဲဒီအတွက် မကြာခင်မှာ ထိုင်း​နိုင်ငံထဲထိ ကျ​နော်တို့​ နိုင်ငံကူး​လက်မှတ်နဲ့​ နိုင်ငံသား​စိစစ်​ရေး​ ကိစ္စ​တွေကို လာ​ရောက်​ဆောင်ရွက်ပြီး​တော့​ အကာအကွယ်​ပေး​သွား​မယ်ဆိုတဲ့​ အ​ကြောင်း​ကို ​ပြော​ပေး​ပါ။”

ဝန်ကြီး​အ​နေနဲ့​ ဘာများ​ပြောချင်ပါ​သေး​လဲ။

“​ကျေး​ဇူး​တင်ပါတယ်။ မြန်မာအလုပ်သမား​တွေနဲ့​ ​တွေ့​ရတာ ဝမ်း​လည်း​သာပါတယ်။”
Source: DVB

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes