Sunday 9 October 2011

ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ မြန်မာအစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုခဲ့သောစာချုပ်အရ ပေါ်ထွက်လာသော တရာမျှတသည့် တာဝန်များ ပဋိညာဉ်များကို အခြားနိုင်ငံကလေးစားပါက မြန်မာကလည်း လေးစားမည်ဟုသိရ ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက် ၁၄ ချက်ပါဝင်

ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ မြန်မာအစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုခဲ့သော စာချုပ်များအရ ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များ၊ ပဋိညာဉ်များကို အခြားနိုင်ငံကလေးစားပါက မြန်မာနိုင်ငံကလည်း လေးစားမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆိုထားကြောင်းနှင့် အခြားသော ပဋိညာဉ်ဆိုင်ရာပြဌာန်းချက် အချို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်ကြောင်း  ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပဋိညာဉ်ဆိုင်ရာ ပြဌာန်းချက်အချို့မှာ ''ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်တော်အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုအတည်ဖြစ်ခဲ့သော စာချုပ်များအရ သော်လည်းကောင်း သဘောတူညီချက်များအရ သော်လည်းကောင်း ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များကို အဆိုပါအခြားနိုင်ငံကလည်း  ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထားရှိအပ်သော ပဋိညာဉ်များကို လေးစားပါက ပြည်ထောင်စု  သမ္မတမြန်မာနိုင်ငံတော်ကလည်း လေးစားသည်'' ဟု ဖွဲ့စည်းပုံအခြေခံ  ဥပဒေပုဒ်မ ၄၅၆ တွင် ပြဌာန်းထားပါသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၇(က)(ခ)တို့တွင် ပြဌာန်းထားသည်မှာ ''ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ချုပ်ဆိုထားရှိခဲ့သော ပဋိညာဉ်များနှင့် စပ်လျဉ်း၍ ဖြစ်စေ၊တာဝန်များနှင့် စပ်လျဉ်း၍ ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအား တရားစွဲဆိုနိုင်သော အခွင့်အရေးအရ တရားစွဲဆိုရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စုအစိုးရအား တရားစွဲဆိုနိုင်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမည်ဖြင့် တရားစွဲဆိုနိုင်သည်။ ထိုနည်းတူပင် တရားစွဲဆိုခြင်းကိုခံနိုင်သည်'' ဟူ၍ ဖြစ်ပါသည်။

ပြည်သူအများမလိုလားသော မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဟု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။မြစ်ဆုံစီမံကိန်းရပ်ဆိုင်း ထားသည် ဆိုခြင်းမှာ တည်ဆောက်မှုများရပ် ဆိုင်းသည်ဟု ဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း မြန်မာနှင့်တရုတ်သည် ယခုနှစ် အစောပိုင်းတွင် သဘောတူညီမှုတစ်ခု ရခဲ့ပြီး နှစ်ဖက်ဘဏ်များက တရုတ်ယွမ်ငွေဖြင့် ချေးငွေသဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ကြောင်း၊ ချေးငွေပြန်ဆပ်မည်ကို အာမခံသည့်အနေဖြင့်  မြစ်ဆုံရေအားလျှပ်စစ်စက်ရုံ မြန်မာနိုင်ငံဘက်မှ ပိုင်ဆိုင်မှု ရှယ်ယာပမာဏဖြင့် အာမခံခဲ့ကြောင်း၊ယင်းမှရရှိရန် မျှော်လင့်ထားသည်များကို ချေးငွေပြန်ဆပ်ရန် အဓိကရင်းမြစ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊မြစ်ဆုံစီမံကိန်းရပ်လိုက်ပါက ချေးငွေသဘောတူညီချက် ချမှတ်မှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက်နိုင်ကြောင်း တရုတ်စွမ်း အင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ(CPI) ဥက္ကဋ္ဌ လူကျိရှိုက တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၅၆ နှင့် ၄၅၇ တို့တွင်လည်း ပဋိညာဉ်ဆိုင်ရာ ပြဌာန်းချက်အချို့ ပါဝင်နေခြင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့ ရပ်ဆိုင်းခြင်း၊(CPI) ဥက္ကဋ္ဌ လူကျိရှိုက ပြော ကြားခြင်း စသည့် အကြောင်းခြင်းရာတို့အပေါ် မြန်မာနိုင်ငံအစိုးရအနေဖြင့် မည်သို့မည်ပုံ ဆက်လက်ဖြေရှင်း ဆောင်ရွက်သွားမည်ကို ဥပဒေပညာရှင်အချို့က စိတ်ဝင်စားနေကြောင်း ဥပဒေပညာရှင်များ အသိုင်းအ၀ိုင်းမှ သိရသည်။
''မြစ်ဆုံဆည် တည်ဆောက်တာနဲ့ပတ်သက်လို့ ယခင်မြန်မာအစိုးရနဲ့ တရုတ်အစိုးရအကြား ဘယ်လို ပဋိညာဉ်မျိုးတွေ၊ဘယ်လို အချက်တွေနဲ့ သဘောတူချုပ်ဆိုထားတာ ကျွန်တော်တို့အနေနဲ့ အတိအကျမသိလို့ ဝေဖန်သုံးသပ်ဖို့ ခက်ပါတယ်။တကယ်လို့များ ယခင်မြန်မာအစိုးရနဲ့ တရုတ်အစိုးရအကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေထဲမှာ Arbitration agreement လို့ဆိုတဲ့ ခုံသမာဓိဆိုင်ရာ သဘောတူညီချက် အပိုဒ် ထည့်ထားမယ်ဆိုရင် ဥပဒေကြောင်းအရ တရားစွဲတာတွေ ဆိုင်းငံ့ထားပြီး ခုံသမာဓိ သဘောတူညီချက်နဲ့အညီ အရင်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်'' ဟု ဥပဒေအတိုင်ပင်ခံ တရားလွှတ်တော် ရှေ့နေကြီးတစ်ဦးက သုံးသပ်ပါသည်။
ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အက်ဥပဒေ(The Arbitration Act )ကို မြန်မာနိုင်ငံတွင် ၁၉၄၄ခုနှစ်က ပြဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေတွင် Arbitration agreement ကို အဓိပ္ပာယ်ဖွင့်ဆိုထားရာ Arbitration agreement ခုံသမာ ဓိဆိုင်ရာ သဘောတူညီချက်ဆိုရာတွင် ခုံသမာဓိလူကြီး၏ အမည်ဖော်ပြထားသည်ဖြစ်စေ မဖော်ပြသည်ဖြစ်စေ ခုံသမာဓိမှုတွင် တင်ပြရန် သို့မဟုတ် အနာဂတ်ကွဲလွဲချက်များနှင့် စပ်လျဉ်း၍ အရေးအသားဖြင့် ပြုလုပ်ထားသော သဘောတူညီချက်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း ကုမ္ပဏီတစ်ခု၏ ဥပဒေအကြံပေးတစ်ဦးက ရှင်းပြသည်။
ခုံသမာဓိဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သူတစ်ဦး သို့မဟုတ် ၎င်းဘက်မှ တောင်းဆိုပိုင်ခွင့်ရှိသူ တစ်ဦးဦးက သဘောတူညီချက်တွင် ပါဝင်သူအခြားတစ်ဘက် သို့မဟုတ် ထိုသူဘက်မှ တောင်းဆိုပိုင်ခွင့်ရှိသူ တစ်ဦးဦးသို့ သဘောတူညီထား သည့် အကြောင်းကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တရားဥပဒေဆိုင်ရာ ဆောင်ရွက်ချက်ပြုလုပ်ရန် စတင်ဆောင်ရွက်လာသော ယင်းသို့ ဥပဒေ ကြောင်းအရ ဆောင်ရွက်လာသူသည် အရေးအသားဖြင့် တင်ပြခြင်းမပြုမီ သို့မဟုတ် အမှုနှင့်စပ်လျဉ်း၍ အခြားနည်းဆောင်ရွက်ခြင်းမပြုမီ အမှုကိုစစ်ဆေးပြီး ပြတ်မှုမရှိသေးသည့် တရားရေးအာဏာပိုင်ထံ အမှုကိုဆိုင်းငံ့ထားရန် လျှောက်ထားရမည်ဖြစ်ကြောင်း ခုံသမာဓိမှုဆိုင်ရာ သဘောတူညီချက်အရ ယင်းအကြောင်းကိစ္စအား အဘယ်ကြောင့် လွှဲပြောင်းမပေးထိုက်ကြောင်း ခိုင်လုံသည့် အကြောင်းအချက်မရှိကြောင်း ကျေနပ်ဖွယ်တွေ့ရှိသည့်အပြင် လျှောက်ထားသူသည် အမှုဆောင်ရွက်ချက် စတင်သည့်အခါမှ ယခုထက်တိုင် ခုံသမာဓိအမှု၌ လုပ်ကိုင်ဆောင်ရွက်ရမည့် ကိစ္စအ၀၀ကို ဆောင်ရွက်ရန် အသင့်ရှိလျှင် သို့မဟုတ် ဆန္ဒရှိလျှင် တရားရေးအာဏာပိုင်သည် အမှုဆောင်ရွက်ချက်အား ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်နိုင်ကြောင်း ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၃၄ တွင် ပြဋ္ဌာန်းထားပါသည်။
'တတိယပုဂ္ဂိုလ်(အပြင်လူ)မှ ခုံသမာဓိလူကြီးများ ခန့်အပ်သည်ကို သဘောတူညီခြင်း' ဟူသည့် ခေါင်းစဉ်အောက်တွင်လည်း ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၄ ကို ပြဋ္ဌာန်းထားရာ''  ခုံသမာဓိဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သဘောတူညီသူများသည် ခုံသမာဓိလူကြီး သို့မဟုတ် ခုံသမာဓိလူကြီးများ ဤသဘောတူညီချက်အရ ခန့်အပ်ရာ၌ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ရွေးချယ်ခန့်ထားပေးနိုင်ရန် ယင်းပုဂ္ဂိုလ်အား အမည်နာမတပ်၍ ဖြစ်စေ၊ရာထူးတပ်၍ ဖြစ်စေ လျာ ထားသတ်မှတ်နိုင်သည်''ဟူ၍ဖြစ်ပါသည်။
ပြဿနာဖြစ်ပေါ်ခဲ့ပါက နှစ်ဦးနှစ်ဖက် သဘောတူုညီသည့် ခုံသမာဓိလူကြီးမင်းများ ပါဝင်သော ခုံသမာဓိအဖွဲ့၏ အဆုံးအဖြတ်အား နာခံမည်ဟု စာချုပ်တွင် ထည့်သွင်းထားပါက တရားရုံးသို့ သွားရောက်ရင်မဆိုင်လိုသဖြင့် ဦးစွာခုံသမာဓိ လူကြီးမင်းများ၏ အဆုံးအဖြတ်ဖြင့် ပြဿနာကိုအရင် ဖြေရှင်းလို၍ ဖြစ်ကြောင်း ခုံသမာဓိဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ ဥပဒေပညာရှင်တစ်ဦးက ရှင်းပြပါသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ပဋိညာဉ်ကိစ္စများ ဆောင်ရွက်နိုင်ရန် ပဋိညာဉ်ဥပဒေကို ပြဌာန်းထားပြီး ပဋိညာဉ် ဥပဒေအရ ပဋိညာဉ်တစ်ခု ဖြစ်မြောက်စေရန် လိုအပ်သည့် အင်္ဂါရပ် ၆ ချက်နှင့် ပဋိညာဉ်ပျက်ပြယ်စေနိုင်သော အချက် ၁၄ ချက်ကို ပြဌာန်းထားကြောင်း သိရသည်။
တရားဝင်ပဋိညာဉ်တစ်ခု ဖြစ်မြောက်ရန် လိုအပ်သည့် အင်္ဂါရပ် ၆ ချက်မှာ (၁) သဘောတူညီချက် ရှိရမည်။ (၂) ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းရှိသူတို့က ပြုလုပ်သည့် သဘောတူညီချက် ဖြစ်ရမည်။(၃) သဘောတူညီချက်မှာ တရားဥပဒေနှင့် ညီသော အဖိုးစားနားနှင့် ရည်ရွယ်ချက်တို့အတွက် ဖြစ်ရမည်။(၄)လွတ်လပ်သည့် သဘောဆန္ဒတူညီမှုဖြင့် ပြုလုပ်သည့် သဘောတူညီချက် ဖြစ်ရမည်။ (၅) ပဋိညာဉ်ဥပဒေက ပျက်ပြယ်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားသော သဘောတူညီချက် မဖြစ်စေရ။ (၆) စာဖြင့် ရေးသားရမည်။သက်သေများ လက်မှတ်ရေးထိုးရမည်။မှတ်ပုံတင်ရမည် ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားလျှင် ထိုပြဋ္ဌာန်းချက်နှင့် ညီညွတ်ရမည် ဟူ၍ ဖြစ်ပါသည်။ပဋိညာဉ်ပြုရန် အရည်အချင်း ရှိသူတို့က ပြုလုပ်သည့် သဘောတူညီချက်ဖြစ်ရမည်ဆိုသည်မှာ တစ်နည်းအားဖြင့် ပဋိညာဉ်ပြုသောသူများသည် မိမိနှင့်သက်ဆိုင်သည့် တရားဥပဒေအရ တရားဝင်အရွယ်ရောက်သူများ ဖြစ်ရမည်ဖြစ်ကြောင်း စိတ်ဖောက်ပြန် ရူးသွပ်ခြင်းမရှိသူ များဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိနှင့်သက်ဆိုင်သည့် တရားဥပဒေ တစ်စုံတစ်ရာအရ ပဋိညာဉ်ပြုနိုင်ခွင့် အရည်အချင်းပျက်ယွင်းသောသူ မဖြစ်စေရကြောင်း သိရသည်။
ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက် ၁၄ ချက်


၁။ ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းမရှိသူတို့က ပြုလုပ်သော သဘောတူညီချက်များ
၂။ သဘောတူညီကြသူများက သဘောတူညီချက်၏ အဓိကဖြစ်သော အကြောင်းအရာနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များနှင့် မြန်မာနိုင်ငံအတွင်း အာဏာမတည်သော ဥပဒေနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များ
၃။ တရားဥပဒေနှင့်မညီသော အဖိုးစားနား သို့မဟုတ် ရည်ရွယ်ရင်းအကြောင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ
၎။ တရားဥပဒေနှင့်မညီသော အဖိုးစားနား၏ အစိတ်အပိုင်း သို့မဟုတ် ရည်ရွယ်ရင်းအကြောင်း၏ အစိတ်အပိုင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ
၅။ အဖိုးစားနားမပါရှိသော သဘောတူညီချက်များ
၆။ထိမ်းမြားလက်ထပ်ခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
၇။ ကူးသန်းရောင်းဝယ် အသက်မွေးဝမ်းကျောင်းမှုကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
၈။ တရားစွဲဆိုခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
၉။ အဓိပ္ပာယ်တိကျ သေချာမှုမရှိသော သို့မဟုတ် တိကျသေချာအောင် မလုပ်နိုင်သော သဘောတူညီချက်များ
၁၀။ လောင်းကစားနည်းဖြင့် ပြုလုပ်သော သဘောတူညီချက်များ၁၁။ မရေရာသော အနာဂတ်ဖြစ်ရပ်တစ်ခုအပေါ်တည်သော သဘောတူညီချက်၊ ထိုဖြစ်ရပ် မဖြစ်နိုင်တော့သောအခြေအနေ ရောက်သောအခါ ပျက်ပြယ်ခြင်း
၁၂။ မဖြစ်နိုင်သော ပြုမူမှုတစ်ခု ပြုလုပ်ရန် သဘောတူညီချက်များ
၁၃။ နောင်အခါတွင် မဖြစ်နိုင်သော သို့မဟုတ် တရားဥပဒေနှင့်မညီသော အခြေသို့ ဆိုက်ရောက်လာသော ပြုမူမှုကို ပြုလုပ်ရန် သဘောတူညီချက်များ
၁၄။ တရားဥပဒေနှင့်ညီသော အလုပ်တစ်ခုကို ပထမပြုလုပ်ရန်နှင့် တရားဥပဒေနှင့်မညီသော အလုပ်ကို ဒုတိယပြုလုပ်ရန် အပြန်အလှန်ကတိများ ပြုရာတွင် ဒုတိယကတိမှာ ပျက်ပြယ်ခြင်း
အထက်ပါသတင်းအား ယခုတစ်ပတ်ထုတ် Weekly Eleven News Journal တွင် ထည့်သွင်းဖော်ပြရန် သက်ဆိုင်ရာ စာပေစိစစ်ရေးသို့ တင်ပြရာ ခွင့်မပြုဘဲ ဖြုတ်ပယ်ခြင်းခံခဲ့ရပါသည်။ ထို့ကြောင့် လက်ရှိတွေ့ကြုံရသော အခြေအနေအရ ပြည်တွင်းမီဒီယာများ၏ စာပေလွတ်လပ်ခွင့် အဆင့်အတန်းမှာ ကွန်မြူနစ် တစ်ပါတီစနစ်ဖြစ်သော တရုတ်နိုင်ငံ၏ စာပေလွတ်လပ်ခွင့်ကိုပင် မမီသေးသော အနေအထားပင် ဖြစ်ပါသည်။
Source: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes