Friday 14 October 2011

ထောင်တကာလှည့်ပြီး နိုင်ငံရေးအကျဉ်းသား အားပေးမည့်အလုပ် ဒီနေ့စလုပ်ပြီဟု ဇာဂနာပြော


အကျဉ်းထောင်အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား မိတ်ဆွေတွေကို လိုက်လံအားပေးတဲ့ အလုပ်ကို ဒီနေ့ဘဲ စလုပ်နေပြီလို့ ကိုဇာဂနာက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မြစ်ကြီးနားထောင်က ပြန်လွတ်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက ထောင်ကလွတ်ပြီးတဲ့နောက် အခုလို ထောင်အသီးသီးကို လှည့်လည်ပြီး အားပေးတာလုပ်မယ့် အကြောင်းနဲ့ အခုပစ္စည်းတွေ လာရောက်လှူဒါန်းထားတာတွေ ရှိနေပြီလို့ ပြောပါတယ်။

“ကျနော်ကိုယ်တိုင် လှူမယ့်ပစ္စည်းတွေယူပြီး လားရှိုး၊ တောင်ကြီး စသည့်ဖြင့် သွားပါမယ်။ ထောင်ဝင်စာ ကတော့ တွေ့လို့မရပေမယ့် ပါဆယ်ပေးလို့ရပါတယ်။ သူတို့ကို အားပေးတဲ့သဘောပါ။ သူတို့နောက်မှာ အမြဲရှိတယ်ဆိုတာ သိစေချင်လို့ အားပေးတဲ့သဘောပါ။ သူတို့ စိတ်အားငယ်သွားတာ စိုးတာလဲပါတယ်။”
သူစည်းရုံးဦးဆောင်လုပ်မယ့်အလုပ်မှာ အနုပညာရှင်တချို့ ပါဝယ်တယ်လို့ ပြောပါတယ်။

“အခုလည်း ကျနော့်အနားမှာ ကိုအရိုင်း၊ ကိုမုန်းခက်၊ ကိုဇင်ဝိုင်း၊ မင်းမော်ကွန်းလေးတို့လည်း ပြောထားပါ တယ်။ စိုင်းစိုင်းခန်းလှိုင် တို့ကိုလည်း ညာက ကျနော် ပြောထားပါတယ်။ သူလည်းသဘောတူထားတယ်။ အခုကျနော်က အင်တာဗျုးတွေလဲ အများကြီးဖြေနေရတော့ အချို့တွေကို အကြောင်းမကြားနိုင်သေးဘူး။ အကြောင်းကြားရင်တော့ ကျန်တဲ့အနုပညာရှင်တွေလည်း ကျနော်နဲ့အတူ ၀ိုင်းဝန်းပါဝယ်မယ်လို့ ယုံကြည်ပါတယ်။”

အောက်တိုဘာ ၁၈ ရက် ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အပြီးမှာ ထောင်တွေ မှာ လှည့်လည်အားပေးမယ့် အစီအစဉ်ကို စတင်မှာ ဖြစ်တဲ့အကြောင်း ပထမဆုံး တောင်ကြီးထောင်ကို သွား မယ်လို့ ပြောပါတယ်။
အခုလို အကျဉ်းထောင်တွေလှည့်လည်ပြီး လိုက်လံ အားပေးတဲ့အလုပ်ကို ဇောက်ချလုပ်နိုင်ဖို့အတွက် အနုပညာအလုပ်တွေလုပ်ဖို့ အချိန်မပေးနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ 

Source: DVB

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes