Friday 14 October 2011

မြန်မာ အလုပ်သမား နိုင်ငံကူးလက်မှတ် ဘန်ကောက်မှာ လုပ်ပေးတော့မည်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ မှတ်ပုံတင်စဉ်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးက နယ်စပ်မြို့တွေတွင်သာမက အတွင်းပိုင်းကျတဲ့ ဘန်ကောက်အပါအ၀င် အခြားမြို့တွေမှာလည်း လုပ်ပေးတော့မှာ ဖြစ်ပါတယ်။
လာမယ့်နှစ်ကစပြီး မြန်မာအလုပ်သမား အများအပြားရှိနေတဲ့ ဘန်ကောက်၊ မဟာချိုင် စတဲ့ နေရာတွေမှာ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနတွေ ဖွင့်လစ်နိုင်တော့မှာဖြစ်သလို ချင်းမိုင်၊ ဆူရပ်ဌာနီ စတဲ့မြို့တွေမှာလည်း ဖွင့်လစ်နိုင်တဲ့အနေအထားရှိတဲ့ အကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက အရာရှိတွေနဲ့ ဆွေးနွေးခဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချစ်စိန်က ဘီဘီစီကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်ရှိတယ်လို့ ခန့်မှန်းရပြီး ယာယီနိုင်ငံကူးလက်မှတ် လုပ်နိုင်ရေးအတွက် မှတ်ပုံတင်လာလုပ်ကြတဲ့ မြန်မာအလုပ်သမား အခုအချိန်မှာ ၉ သိန်းနီးပါးရှိလာပြီလို့လည်း သိရပါတယ်။
မြန်မာနဲ့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာက အရာရှိတွေ ဆွေးနွေးပွဲမှာ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေပပျောက်အောင် အလုပ်ရှင်နဲ့ အလုပ်သမားအကြား သဘောတူစာချုပ် ချုပ်ဆိုရေး ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးထားကြောင်း ဦးချစ်စိန်က ပြောပါတယ်။ 
Source: BBC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes