Thursday 12 April 2012

“V&K နာနတ်သီးစက်ရုံ အလုပ်သမား တစ်သောင်းကျော် ဆန္ဒပြ”

20120412a 

ထိုင်းနိုင်ငံအနောက် မြောက်ပိုင်း ကန်ချနဘူရီခရိုင် ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက် တွင်ရှိသော V&K PINE APPLE CANNING Co, Ltd  နာနာသီး အလုပ်ရုံမှ သောင်းချီသည့် မြန်မာအလုပ်သမားများက ယနေ့ နံက်ပိုင်းတွင် ၎င်းတို့ အခွင့်အရေး ချိုးဖောက်ခံရမှုများအား တောင်းဆို ဆန္ဒပြခဲ့ကြသည်။
အခွင့်အရေး ချိုးဖောက်ခံနေရမှုများမှာ အလုပ်သမားတစ်ဦးစီ အလုပ်ဝင်သည့်အချိန်နှင့် အလုပ်ထွက်သည့် အချိန်စုစုပေါင်း နေ့စဉ် တစ်နာရီခန့် ခေါင်းပုံဖြတ်နေကြောင်း ဦးဆောင်သည့် အလုပ်သမား ကိုထွန်းထွန်းနိုင်က ပြောသည်။

“ကျနော်တို့ကို နေ့စားခ တစ်နေ့ (၂၅၂)ဘတ်၊ အချိန်ပို တစ်နာရီ (၄၇)ဘတ် ပေးမယ်လို့ ပြောထားပါတယ်။ ခုကကျနော်တို့ ယာယီပတ်စ်ပို့နဲ့ ဘတ်ရှိသူတွေကို တစ်နေ့ (၂၃၀)ဘတ် ပေးတယ်။ ဘတ်မရှိသူတွေကို တစ်နေ့ (၂၂၀)ဘတ် ပေးမယ်။ အချိန်ပို တစ်နာရီကို ဘတ် (၃၀)ပေးမယ်လို့ ပြောင်းပြီးတော့ စာကပ်လာတယ်။  ဒါကြောင့် ကျနော်တို့ ဆန္ဒပြကြတာဖြစ်တယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ တရားဝင် သတ်မှတ်ထားသော အလုပ်ပိတ်ရက်များတွင် ခိုင်းစေပါက နေ့တွက် ၂ ဆစီ ပေးမည်ဟု ပြောထားသော်လည်း  အကြောင်းအမျိုးမျိုးပြ၍ မပေးပဲနေကြောင်း အလုပ်သမားများက ပြောသည်။

နံနက် ခြောက်နာရီကျော်ခန့် ကတည်းက စက်ရုံရှေ့တွင် အော်ဟစ် ဆန္ဒပြခဲ့ကြသော သောင်းချီသည့် မြန်မာ အလုပ်သမားများအား နယ်မြေခံရဲ (၂၀)ကျော်ခန့်တို့ ရောက်ရှိလာခဲ့ကြပြီး အလုပ်ရုံ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ကြပြီး မူလ သတ်မှတ်ထားသည့် လုပ်အားခအတိုင်း ပေးချေမည်ဖြစ်ကြောင်း သဘောတူညီချက် ရရှိခဲ့သဖြင့် ဆန္ဒပြပွဲအား နံနက် (၉)နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြသည်။

အလုပ်သမားများအား မနိုင်မနင်းဖြစ်အောင် အော်ဟစ်ကြိမ်းမောင်း ခိုင်းစေလေ့ရှိကြောင်းလည်း အလုပ်သမားများက ပြောသည်။ ဤစက်ရုံတွင် ယခုကဲ့သို့ ခေါင်းပုံဖြတ်မှုများရှိသဖြင့် ဆန္ဒပြမှုများ မကြာမကြာ ပေါ်ပေါက်ခဲ့ဖူးသည်။ ထို့နောက် ဦးဆောင် ဦးရွက်ပြုသူတို့အား နယ်မြေခံရဲများနှင့် ဖမ်းဆီးချုပ်နှောင်ပြီး နယ်စပ်သို့ပြန်လည် ပို့ဆောင်ခြင်း၊ အလုပ် ထုတ်ပယ်ခြင်းများ ဖြစ်ခဲ့ဖူးသည်။

ထို့အပြင် ဤအလုပ်ရုံသည် ဘုရားသုံးဆူ နယ်စပ်နှင့် နီးသဖြင့် လူကုန်ကူးသူများက တရားမ၀င် အလုပ်သမားများအား ပိတ်လှောင် ခိုင်းစေလေ့ရှိသဖြင့် များမကြာမီက လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ၀င်ရောက်ဖမ်းဆီး ခဲ့ဖူးသည့် အလုပ်ရုံ ဖြစ်သည်။

Ref: GHR

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes