Sunday 8 April 2012

သမိုင်းဝင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ

New Light of Myanmar April 7, 2012 Page 8
၂၀၁၂ ဧပြီ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈ မှ



၂၀၁၂ ဧပြီ ၆ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် မြန်မာအစိုးရ ကိုယ်စားလှယ်များနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့တဲ့ ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက ကြပ်ပြေးနေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။
 
 ကရင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရန် စီစဉ်ထားပြီး မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန် ပဲခူးတိုင်း ကျောက်ကြီးဒေသနဲ့ တနင်္သာရီတိုင်း ထားဝယ်ဒေသဘက်သို့ သွားရောက်ဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ကရင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဧပြီ ၆ ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ကြပါတယ်။ ထို ဆွေးနွေးပွဲတွင် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ကရင်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာအစိုးရဘက်ကတော့ မီးရထားဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ ရန်ကုန်တိုင်းက တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ ထို ဆွေးနွေးပွဲကနေ အပစ်အခတ် ရပ်စဲရေး အဓိကအချက်များနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
 
 မြန်မာအာဏာပိုင်များနဲ့ ကရင်အမျိုးသား အစည်းအရုံးတို့ရဲ့ သမိုင်းဝင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ယနေ့မြန်မာက ကရင် အမျိုးသား အစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် စောကွယ်ထူးဝင်း (Saw Kwe Htoo Win) ကို ၂၀၁၂ ဧပြီ ၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်ပိုင်းက အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းထားပါတယ်။
 
ယနေ့မြန်မာ - ပထမဆုံးအနေနဲ့ ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့အနေနဲ့ ဘယ်လောက်အထိ သဘောတူညီချက် ရခဲ့သလဲဆိုတာ ရှင်းလင်း ပြောပြပေးစေလိုပါတယ်။
 
 စောကွယ်ထူးဝင်း - ဒီ ဆွေးနွေးပွဲက ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ပဏာမ သဘောတူညီထားတဲ့ အချက် ၁၁ ချက်ထဲက အချက် ၆ ချက်ကို အဓိက ဆွေးနွေးပါတယ်။ တစ်အချက်က တပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးတယ်။ ပကတိအနေအထားအရ အကောင်အထည် ဖော်သွားဖို့ဆိုတဲ့နေရာမှာ တဖြည်းဖြည်း အကောင်အထည် ဖော်သွားဖို့ဆိုတဲ့ သဘောတူညီချက် ပေါ့လေ၊ ဆုံးဖြတ်ချက် ရှိတယ်။ တခုနဲ့တခု အနေအထား မတူညီတဲ့အပေါ်မှာ တဖြည်းဖြည်း အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ချက် ကျတယ်။ progressive realization ပေါ့၊ အဲဒါကို သဘောတူတယ်။ ကျွန်တော်တို့ ပဋိပက္ခဖြစ်နေတဲ့ကာလမှာ ဒုက္ခရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် ဆွေးနွေးတာ ရှိတယ်။
 
 အထူးသဖြင့် ကျွန်တော်တို့ ကရင်ပြည်နယ် ပြည်သူပြည်သား ဘ၀တွေ ရပ်တည်နိုင်ရန် အာမခံရမည် ဆိုတာ၊ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့စလုံးကနေပြီး ပြည်သူပြည်သားဘ၀တွေ ရပ်တည်နိုင်ဖို့ လုပ်ဆောင်တဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေပေါ့၊ ဒါတွေကို နှစ်ဦးနှစ်ဘက် ပြန်လည် ညှိနှိုင်း ပေါင်းစပ်ပြီး ကျင့်ဝတ်တွေကို အတည်ပြုသွားမယ်။ လောလောဆယ်တော့ အတည်ပြုလို့ မရသေးဘူး။ ကျန်တဲ့အချက်တွေကျတော့ ပြည်တွင်း ဒုက္ခသည်တွေအတွက် ပြန်လည် နေရာချထားရေးတို့၊ မူလကျေးရွာတွေမှာ ပြန်လည် နေထိုင်ဖို့အတွက် နေရာချထားပေးဖို့ စီစဉ်ဖို့ ရှိတယ်။ ဒီလို လုပ်ဆောင်တဲ့အခါကျတော့ နိုင်ငံတကာရဲ့ အကူအညီလည်း လိုချင်လိုမှာပဲ။ ဒါကိုတော့ သူတို့ဘက်ကလည်း တာဝန်ယူ လုပ်ဆောင်မယ့် အပိုင်းတွေ ရှိတယ်။
 
ယနေ့မြန်မာ - အခုတခေါက် ဆွေးနွေးတဲ့အခါမှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ကြတယ်။ ဗိုလ်ချုပ်မြတို့လက်ထက်တုန်းကလည်း ဆွေးနွေးတာတွေ ရှိခဲ့တယ်။ ဒီတော့ ဒီတခေါက် ဆွေးနွေးတဲ့အပေါ်မှာ ကရင်အမျိုးသား အစည်းအရုံးက ဘယ်လို မှတ်ချက် ပြုလိုပါသလဲ ခင်ဗျ။
 
 စောကွယ်ထူးဝင်း - ကျွန်တော်တို့ မြင်တဲ့အဆင့်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ ပထမဆုံးအနေနဲ့ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ စီစဉ်သွားမှာပဲ။ ပထမအဆင့်အနေနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါမို့လို့ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ စစ်ဘက်ဆိုင်ရာကိစ္စကို ဆွေးနွေးပြီးတော့ အကောင်အထည် ဖော်သွားဖို့ ဖြစ်တယ်။
 
ပြည်ထောင်စုအဆင့်မှာကတော့ ဆက်စပ်နေတဲ့အချက်တွေအပေါ်မှာ - ကျွန်တော်တို့ ကရင်အမျိုးသား အစည်းအရုံးကလည်း နေရာဒေသတခုထဲမှာ မဟုတ်ဘူး။ ပြောမယ်ဆိုရင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတွေမှာ ရှိတယ်။ ဒီတော့ လူထုနဲ့ ပတ်သက်တဲ့အချက်တွေ ဆွေးနွေးရမယ်ဆိုတော့ ပြည်ထောင်စုအဆင့် ပေါ့။ ဆက်ပြီးတော့ နိုင်ငံရေးအပိုင်း ပေါ့၊ ဒါကတော့ တဆင့်ချင်း တက်ပြီး ဆွေးနွေးရမယ်။ လောလောဆယ်တော့ အပစ်အခတ် ရပ်စဲရေး ခိုင်မာရေးအတွက်၊ လတ်တလော တိုက်ပွဲတွေကြောင့် ဒုက္ခရင်ဆိုင်နေရတဲ့ ပြည်သူပြည်သားတွေရဲ့ဘ၀တွေကို ပြန်လည် ထူထောင်ဖို့ကိစ္စတွေကို အရင်ဦးဆုံး ကိုင်တွယ် လုပ်ဆောင်သွားမှာ ဖြစ်တယ်။
 
ယနေ့မြန်မာ - ပါဝင် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ နည်းနည်း အတည်ပြု ပြောပြပေးပါလား ခင်ဗျာ။
 
 စောကွယ်ထူးဝင်း - ဟုတ်ကဲ့။ ကျွန်တော်တို့ မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ သစ်တောရေးရာဝန်ကြီး၊ စက်မှုဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး စသည်ဖြင့် ၀န်ကြီးတွေ ပါတယ်။ ရန်ကုန်တိုင်းက ၀န်ကြီးတချို့၊ ကရင်ရေးရာဝန်ကြီး ဦးထွန်းအောင်မြင့်တို့၊ ပြည်ထောင်စုအဆင့် နယ်စပ်ရေးရာ ၀န်ကြီး ပါဝင်ပါတယ်။ ကျွန်တော်တို့ဘက်မှာကျတော့ အတွင်းရေးမှူးချုပ် ဒေါ်နော်စီဖိုးရာ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူတူး၊ တပ်မဟာ ၃ မှူး ဗိုလ်မှူးချုပ် အယ်ကလူ တို့၊ ဖဒိုအားတိုး၊ ဖဒိုရော်ဂျာတို့ ပါတယ်။ ကျွန်တော်တို့ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ထူးထူးလေး ပါတယ်။
 
 ယနေ့မြန်မာ - ဧပြီ ၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ ရှိတယ်ဆိုတော့ ပြောပြနိုင်မယ်ဆိုရင် ဘယ်လို အချက်အလက်တွေ ဆွေးနွေးဖို့ စဉ်းစားထားတယ်ဆိုတာ ပြောပြပေးပါလား ခင်ဗျ။
 
 စောကွယ်ထူးဝင်း - ကျွန်တော်တို့ ဒေါ်စုနဲ့ တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သိရသလောက် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်စုပါတီက အနိုင်ရသွားတယ်။ မဲဆန္ဒနယ် အကုန်လုံးလိုလိုမှာ အနိုင်ရတယ်။ ဒါကို ကျွန်တော်တို့ဘက်က congratulation ဂုဏ်ပြုတဲ့စကား ပြောဖို့ ရှိတယ်။ နောက်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ဆက်ပြီး လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ တိုက်တွန်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။
 
 ယနေ့မြန်မာ - အခု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးဒေသနဲ့ တနင်္သာရီတိုင်းကို သွားဖို့ ရှိတဲ့အခါကျတော့ အဲဒီဒေသတွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့အတွက်ပဲ လား၊ ကျွန်တော်တို့ နားလည်တာက ကရင်ပြည်နယ်အတွင်းမှာက စစ်ပွဲတွေကြောင့် အတည်တကျ မနေထိုင်ရဘဲ တိမ်းရှောင်နေကြရတဲ့ ပြည်သူတွေလည်း ရှိနေတော့ အဲဒီပြည်သူတွေအရေးကိစ္စကိုရော ဆောင်ရွက်ဖို့ ရှိပါသလား၊ အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလား ခင်ဗျာ။
 
 စောကွယ်ထူးဝင်း - ကျွန်တော်တို့ အစီအစဉ်ကတော့ ဇန်န၀ါရီလကတည်းက သဘောတူညီထားတဲ့ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုရင် လိုအပ်တဲ့ကျင့်ဝတ်တွေ ရှိသလို ဒီကိစ္စတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ စည်းကမ်း ဖောက်ဖျက်မှု မရှိရေးအတွက် ဆက်ဆံရေးရုံးတွေ ရှိရမယ်၊ ဆက်ဆံရေးရုံးတွေ ဖွင့်ပြီး တပ်တွေ စည်းကမ်းလိုက်နာမှု မပြည့်ဝရင် စောင့်ကြည့်လေ့လာဖို့ monitoring ကိစ္စတွေ ဆွေးနွေးတာကိုး။ ဒါတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးထားတာ ရှိတယ်။ ပထမဦးဆုံး ကျွန်တော်တို့ ကျောက်ကြီးမှာ ဆက်ဆံရေးရုံး ဖွင့်မယ်။ နောက်ပိုင်းကျတော့ ထားဝယ်မှာ ဖွင့်မယ်။ တဆင့်ပြီး တဆင့်ပေါ့လေ။ ကျွန်တော်တို့ ဘုရားသုံးဆူ၊ မြ၀တီ၊ ဖားအံ တဆင့်ပြီးတဆင့် ဆက်ဆံရေးရုံးတွေ ဖွင့်သွားဖို့ အစီအစဉ် ရှိပါတယ်။ နောက်ပြီး ပြည်တွင်း ရွှေ့ပြောင်းနေထိုင်တဲ့ ပုဂ္ဂိလ်များ၊ IDP (Internally Displaced Person) ပေါ့။ ဒီကိစ္စက လက်နက်ကိုင်ပဋိပက္ခကြောင့်သော်လည်းကောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အတွက် သော်လည်းကောင်း၊ ကြောက်ရွံ့ပြီး မိမိဆန္ဒအရကြောင့် မဟုတ်ဘဲ ထွက်သွားရတဲ့သူ အများကြီး ရှိတယ်။ သူတို့ကလည်းပဲ အပစ်အခတ် ရပ်စဲပြီဆိုတာရင်တော့ မိမိရွာကို ပြန်ချင်တဲ့ ဆန္ဒ ရှိမှာပဲ။ ဒါကြောင့်မို့ ပြန်လို့ရှိရင် လိုအပ်တဲ့ ပံ့ပိုးမှု၊ ပြန်လည် နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး လုပ်ဖို့ ရှိတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ အဖွဲ့အစည်းချည်းပဲ လုပ်လို့ မရဘူး။ လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အကူအညီတွေလည်း လိုမှာပဲ။ ဒါကို တဆင့်ပြီးတဆင့် လုပ်သွားဖို့ ရှိပါတယ်။ 
 
ယနေ့မြန်မာ - ပြီးခဲ့တဲ့လတုန်းက ဖဒိုမန်းငြိမ်း လွတ်လာတဲ့ကိစ္စ နှောင့်နှေးခဲ့တာတို့၊ မြန်မာအစိုးရတပ်တွေက ရိက္ခာ ပို့တဲ့အခါ၊ ခရီးသွားလာတဲ့အခါ ကန့်သတ်တာထက် ကျော်လွန်သွားခဲ့တာတွေနဲ့ ပတ်သက်ပြီး နည်းနည်းလေး ကသိကအောင့် ဖြစ်ခဲ့ကြတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ နောက်နောင်မှာ အလားတူ ပြဿနာမျိုး ထပ် မဖြစ်အောင် မြန်မာအာဏာပိုင်တွေဘက်က ဘယ်လို သဘောတူညီခဲ့တာမျိုး ရှိပါသလဲ၊ ကရင်အမျိုးသားအစည်းအရုံးဘက်ကရော အဲဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိခဲ့ပါသလား ခင်ဗျ။
 
 စောကွယ်ထူးဝင်း - ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး ခိုင်မာရေးအတွက် လုပ်ဆောင်သွားမှာပဲ။ ပထမအဆင့် လုပ်တဲ့အခါ ကျွန်တော်တို့ နားလည်ရမှာက တဖက်နဲ့တဖက် တိုက်ခိုက်လာတဲ့တာ နှစ်ပေါင်း ၆၀ ကျော်၊ အခုတလအတွင်းမှာ သံသယစိတ်တို့ မယုံကြည်မှုစိတ်တွေဆိုတာက ရှိနိုင်တာပဲ။ နောက်ပြီးတော့ အကောင်အထည် ဖော်တဲ့အခါမှာလည်း ကျွန်တော်တို့ အဖွဲ့ဝင်အားလုံးက နားလည်သဘောပေါက်ပြီး အကောင်အထည်ကြဖို့ လိုအပ်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပညာပေးဖို့ အများကြီး လိုပါတယ်။ ဒီလို ဖြစ်တာတွေကတော့ ကျွန်တော်တို့ ယုံကြည်မှု ရှိလာရင် တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာပဲ။ အခုလောလောဆယ်ကတော့ တဆင့်ချင်း သွားမှာကိုး။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာလည်း တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း နှစ်ခုထဲ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူလူထု လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေး အကျိုးသက်ရောက်မှုက လူထုအပေါ်မှာ မူတည်တာကိုး။ တိုက်ခိုက်မှု ရှိရင် သူတို့ ရင်ဆိုင်နေရမှာပဲ။ ငြိမ်းချမ်းရေးရှိရင် သူတို့အကျိုးရှိမှာပဲ။ ဒါမို့လို့ သူတို့ နားလည်သဘောပေါက်ပြီးတော့ တဖက်တလမ်းကနေ ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ 
 
ယနေ့မြန်မာ - နောက်ဆုံးအနေနဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကရင်ပြည်သူတွေ၊ မြန်မာတိုင်းရင်းသားတွေကို အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုသတင်းစကားမျိုး ပြောပြလိုပါသလဲ ခင်ဗျ။
 
 စောကွယ်ထူးဝင်း - ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ လှုပ်ရှားမှုဟာ ကျွန်တော်တို့ အခြေခံ ပြဿနာက နိုင်ငံရေးပြဿနာ ဖြစ်တယ်။ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးတခုထဲနဲ့ ဒီ ပြဿနာဟာ ရှင်းသွားမှာ မဟုတ်ဘူး။ အခြေခံ ပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ပြောဆို ရှင်းလင်းရမှာပဲ။ ဒီနေရာမှာ ကရင်ပြည်သူပြည်သားတွေရော အခြား တိုင်းရင်းသားတွေပါ သိစေချင်တယ်။ နောက်တခုက အပစ်အခတ် ရပ်စဲရေးလုပ်တာ ကရင်ပြည်နယ်တခုထဲအတွက် မဟုတ်ဘူး။ တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကျွန်တော်တို့ တဖက်တလမ်းက ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားမယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ တခြား တိုင်းရင်းသားတွေ ပါဝင်မှု လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဦးဆုံး ဆွေးနွေးတဲ့အချက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ အချက်ကို ဆွေးနွေးတယ်။ ဒါကို လုပ်ဆောင်တဲ့နေရာမှာလည်း လက်တွေ့ကျကျ အစိုးရဘက်ကလည်း တခုချင်း လုပ်နိုင်တဲ့နေရာက စပြီး လုပ်၊ တဖက်ကလည်း ကျွန်တော်တို့ ပဋိပက္ခဖြစ်နေတဲ့အပိုင်းကလည်း ကြိုစားလုပ်ဆောင်ဖို့ လိုတယ်။ 
 
ယနေ့မြန်မာ - ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျ။ 
 
အခု ဖော်ပြခဲ့တာကတော့ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောကွယ်ထူးဝင်းကို ယနေ့မြန်မာ အယ်ဒီတာ ဦးမြင့်လှိုင်က ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ဆက်သွယ်မေးမြန်းခဲ့ပြီးနောက် အလွတ်သဘော စကား ပြောဆိုခဲ့ကြပါသေးတယ်။ 
 
 ထိုသို့ အလွတ်သဘော ပြောခဲ့တဲ့ စကားတွေထဲက စောကွယ်ထူးဝင်း ပြောတဲ့ အမှတ်ရစရာ စကားများကတော့ “ဒီ ဖုန်းက ဘယ်လိုလဲ မသိဘူး။ အခု ကျွန်တော် ပြောနေတာ ကျွန်တော့်အသံ ပြန်ကြားနေရတယ်။ တခါတလေကျတော့ သူများအသံကို မကြားရဘူး။ ညက မီဒီယာကလည်း တရာကျော်လောက် ရှိမလားပဲ။ ဒီကြားထဲ မီးကလည်း ပျက်လိုက်သေးတယ်။ ကျွန်တော်တို့ တိုင်းပြည် လက်နက်ကိုင် ပဋိပက္ခနဲ့ ဆက်သွားလို့ရှိရင် အမှောင်ထဲ နေရတော့မယ်။ ဒါကြောင့် ကျွန်တော်လည်း ငြိမ်းချမ်းရေး လိုချင်တာ။“
Ref: BurmaToday

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes