Wednesday 11 April 2012

လစာနည်း မှုကြောင့် အလုပ်သမား ဆန္ဒပြမှုဖြစ်ပွား

Labour_strikeထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင်က ပင်လယ်စာ စက်ရုံတွင်  လစာနည်းသည့် အတွက် တိုးပေးရန် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ် သမားများက ယမန်နေ့က ဆက်လက် ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း ထိုဒီစက်ရုံမှ မြန်မာ အလုပ် သမားတဦးက ပြောပါသည်။
ပင်လယ်စာ ထုတ်လုပ်သည့် ဆဖတ်ထနာ စက်ရုံတွင်  မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ ခန့် အလုပ်လုပ် ကိုင် နေပြီး လုပ်ခ လစာနှင့် အလုပ်သမား ရပိုင်ခွင့်တွေ အတွက် တပါတ်ခန့် ဆန္ဒပြနေကြခြင်း ဖြစ်ပါသည်။

အာဏာပိုင်များကလည်း ဆန္ဒပြမှုကို ထိမ်းသိမ်းသည့် အနေဖြင့် သေနတ်သံဖေါက်ပြီး ထိမ်းသိမ်းခဲ့ရသည်ဟု အလုပ်သမား များကဆိုပါသည်။

“ စက်ရုံထဲ ၀င်ဖို့ကြိုးစားတာလေ အလုပ်သမား (၃၀၀) လောက်ရှိတယ်။ တံခါးဖွင့်ပေးဖို့ တောင်းဆိုကြတယ် သူတို့က ဖွင့်မပေးဘူး။ အဲဒါနဲ့ တင်းမာနေတဲ့အချိန်မှာ ထိမ်းသိမ်းရခက်တာပေါ့ အဲဒါသူတို့ ခြိမ်းခြောက် သတိပေးတဲ့ အနေနဲ့ သေနတ်နဲ့ ပစ်ဖောက်တာ”

ဆန္ဒပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံး ပါဝင်ပြီး ယမန်နေ့က ဆန္ဒပြမှုမှာတွင် မြန်မာ အလုပ်သမား ၄၀၀ ခန့် ပါဝင် ဆန္ဒပြခဲ့ကြပါသည်။ အလုပ်သမားများသည် တရားဝင် လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး စာချုပ်ပါ သဘောတူညီ ချက် အတိုင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများကို လုပ်ဆောင်မှု မရှိသည့်အတွက် ဆန္ဒပြနေခြင်းဖြစ်ပါသည်။

“စာချုပ် အတိုင်းပြောရရင်တော့ နေရေးထိုင်ရေး၊ အခမဲ့ ကျန်းမာရေး အပါအ၀င်ပေါ့ဗျာ လုပ်အားခ ဆိုရင်လည်း တရက်ကို၂၀၅ ဘတ်ချုပ်ထားပေမယ့် တကယ်တမ်းကျတော့ ၁ ရက်ကိုဘတ် ၁၆၀ လောက်ပဲရပါတယ်”

ဤပြသနာသည် မတ်လဆန်း ကတည်းက စဖြစ်လာခဲ့ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးကို အကြောင်းကြားခဲ့သော်လည်း တစုံ တရာ ဖြေရှင်းမှု မရှိခဲ့ပေ။ နောက်ပိုင်း၌ ဖုန်းဖြင့် ဖြေကြားခြင်းပင် မရှိတော့ကြောင်း အလုပ်သမားများက ပြောပါသည်။ အလုပ်သမားများသည်၊ သတ်မှတ် လုပ်အားခ ရသည်အထိ ဆက်လက် ဆန္ဒပြသွားမည်ဟု ဆိုနေပါသည်။ 
Ref: ရွှေဟင်္သာ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes