Tuesday 10 April 2012

သင်္ကြန်ပိတ်ရက်တွင် လုပ်အားခရရန် စက်မှုအလုပ်သမားသမဂ္ဂတောင်းဆို


အစိုးရက တရားဝင်အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ထားတဲ့ သင်္ကြန်ပိတ်ရက်တွေအတွက် လုပ်ခလစာအပြည့်အ၀ရဖို့ ရန်ကုန်တိုင်း အလုပ်သမားသမဂ္ဂအဖွဲ့ တဖွဲ့ကာ တောင်းဆိုလိုက်ပါတယ်။

အစိုးရ၀န်ထမ်းတွေက သင်္ကြန်ပိတ်ရက်တွေကို လခအပြည့်နဲ့ ခံစားနေရတဲ့ အချိန်မှာ စက်ရုံအလုပ်ရုံ အလုပ်သမားတွေက ပိတ်ရက်အတွက် လခမရတဲ့အတွက် အခုလို တောင်းဆိုရတာလို့ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းအလုပ်သမားများသမဂ္ဂ (ရန်ကုန်တိုင်း ဒေသကြီး) ရဲ့ ဥက္ကဋ္ဌ ဦးရဲကျော်ကပြောပါတယ်။

”အစိုးရ၀န်ထမ်းတွေက သင်္ကြန်လုပ်အားခကို ၁၀ ရက်ပိတ်ရင် ၁၀ ရက်စာ သူတို့ရဲ့ လစာထဲက အပြည့်အ၀ ခံစားခွင့်ရတယ်။ စက်မှုဇုံမှာရှိတဲ့ အလုပ်မသားတွေအားလုံးက သင်္ကြန်အလုပ်ပိတ်ရက်ကို လုပ်အားခ လုံးဝမရဘူး။ အဲဒါကြောင့် ကျနော်တို့ တောင်းဆိုရခြင်းဖြစ်ပါတယ်။”

သင်္ကြန်ပိတ်ရက်ကြောင့် အလုပ်သမားတွေအနေနဲ့ ပုံမှန်လစာရဲ့တစ်ဝက်လောက် အဖြတ်ခံရလို့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တော့မယ်လို့ ဦးရဲကျော်သူက ပြောပါတယ်။
  
”အခုလိုပိတ်လိုက်တော့ ကျွန်တော်တို့ အလုပ်သမားတွေက စားဝတ်နေရေးအခက်အခဲ ထိခိုက်တာပေါ့။ ပုံမှန် တလကို ၆ သောင်းလောက်ရနေတယ်ဆိုရင် ထက်ဝက်လောက်ပဲ ရတော့တာလေ။ ၂ သောင်းကျော် ၃ သောင်းလောက်အဖြတ်ခံရတယ်။ ရက်မှန်ကြေးတွေအားလုံး ပြုတ်ကုန်တယ်။”

အစိုးရက တရားဝင် သင်္ကြန်အားလပ်ရက် ၁၀ ရက် သတ်မှတ်ပေးထားပေမယ့် ရန်ကုန်တိုင်းအတွင်းက တချို့စက်ရုံ အလုပ်ရုံတွေမှာ အဲဒီရက်အတွင်းပိတ်ထားရင် လုပ်အားခမရတာ၊ အကယ်၍ အလုပ်လုပ်ရရင်လည်း ပုံမှန်လုပ်အားခပဲ ရကြတာဟာ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်မှုဖြစ်တယ်လို့ ဦးရဲကျော်က ပြောပါတယ်။

ဒီနစ်နာချက်တွေကို ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ တကြိမ်၊ အခုလ ၆ ရက်နေ့ ရက်စွဲနဲ့ တကြိမ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နိုင်ငံတကာက အလုပ်သမားအဖွဲ့အစည်းတွေကို တင်ပြထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စက်မှုလုပ်ငန်း အလုပ်သမားများသမဂ္ဂ (ရန်ကုန်တိုင်း ဒေသကြီး) အဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန် (၁၈) ဇုန်ကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင် (၂၀၀၀) ရှိတယ်လို့ သိရပါတယ်။ 

By နေသွင်
Ref: VOA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes