Thursday 29 March 2012

ထူးထူးဆန်းဆန်း လွှတ်တော် သတင်းများ

မတ် ၂၃ ရက်နေ့က ကျင်းပပြီးသွားတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ အရင် ခေတ်အဆက်ဆက် က မကြားခဲ့ဘူးတဲ့ ထူးထူးဆန်းဆန်း သတင်းတွေ တခုပြီး  တခု ကြားကြရပါတယ်။

သမ္မတက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး အသိအမှတ်လည်း မပြု၊ ဘတ်ဂျက်လည်း ချမပေးတာ၊ အစိုးရအဖွဲ့က တင်လာတဲ့ အမျိုးသား စီမံကိန်းတွေနဲ့ ဘတ်ဂျက်တွေ ကို ဝေဖန်လျှော့ချဖြတ်တောက်ခိုင်း တာ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကနေ သမ္မတ ဆီ သ၀ဏ်လွှာပေးပို့ တာ စသဖြင့် စုံနေအောင်ပါပဲ။ ခု တပတ် လွှတ်တော် အစည်းအဝေးတွေ အပြီး ထူးခြားချက်တွေကို သုံးသပ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အားလုံးထဲမှာ အထူးခြားဆုံးက လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့ မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောတဲ့ အမှာစကားပါ။ အဲဒီအထဲမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့တွေ ခံစားရယူရမယ့် လစာ၊ အဆောင်အယောင်တွေနဲ့ ပတ်သက်ပြီး အရင် နအဖ အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေ ပြဌာန်းပေးသွားခဲ့ကြောင်း၊ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အာဏာလွှဲပြောင်းရယူပြီး မိန့်ခွန်းပြောစဉ် မှာကို ဥပဒေပါအတိုင်း ရယူခံစားခြင်း မပြုဘဲ အရင် နအဖ လက်ထက်က အကြီးအကဲတွေရဲ့ လစာနှုန်းထားတွေအတိုင်း ခံစားမယ့်အကြောင်း ပြောဆိုပြီး ဒီအတိုင်း ကျင့်သုံးခဲ့ကြောင်း၊ ဒါဟာ ဥပဒေပါ ပြဌာန်းချက်နဲ့ မကိုက်ညီကြောင်း၊ တကယ်လို့ သမ္မတ အနေနဲ့ လစာကို လျော့ပေါ့ ခံစားချင်တယ် ဆိုရင် ဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့က ပြင်ဆင်ပြီး တင်သွင်းလာတဲ့ ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော် က ဆွေးနွေး အတည်ပြုပေးမှာဖြစ်ကြောင်း၊ သူ့စကားအရဆို လွှတ်တော်က ကူညီမှာဖြစ်ကြောင်း ပြောဆို သွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

သူရဦးရွှေမန်းပြောတဲ့ ‘ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များ၏ လစာ နှင့် အဆောင်အယောင် ဥပဒေ’ ဆိုတာ လူထုထဲ ချပြခဲ့တဲ့ ဥပဒေ တခု မဟုတ်ခဲ့ပါဘူး။ သမ္မတ အပါအ၀င် အစိုးရအဖွဲ့ဝင်တွေရဲ့ လစာကို ကျပ် သိန်း ၅၀၊ ၆၀ သတ်မှတ်ထားတဲ့ အပြင် ကား ဘယ်နှစ်စီး အိမ် ဘယ်နှစ်ဆောင်၊ နိုင်ငံခြားထွက်တဲ့အခါ ခံစားခွင့်က ဘယ်လို ဆိုပြီး ဆင်းရဲတဲ့ နိုင်ငံ တနိုင်ငံနဲ့ မလျော်ညီအောင် အဆင့်အတန်းမြင့်မြင့် သတ်မှတ်ပေးထား တာပါ။

ဒီအတွက်လည်း ဦးသိန်းစိန်ရဲ့ သမ္မတ ရာထူးလက်ခံတဲ့ မိန့်ခွန်းမှာ ဒီလောက်များတဲ့ လစာ၊ အဆောင်အယောင်တွေ သူတို့ မခံစားဘူး ဆိုပြီး ပြောခဲ့တာပါ။ ဒါပေမယ့် သူ့အနေနဲ့ ဒီလို မခံစား မရယူချင်ဘူးဆိုရင် ဥပဒေကို အရင်ပြင်ဖို့ လိုပါတယ်။ ပြင်ပြီး လွှတ်တော်ကို တင်ဖို့လိုပါတယ်။ ထူးခြားတာ တခုက ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေရဲ့ လစာ နဲ့ ခံစားခွင့်ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွေက ဆွဲနိုင် တင်ပြနိုင်ခြင်း မရှိဘဲ အစိုးရ အဖွဲ့ကသာ ရေးဆွဲ နိုင်တာပါ။

အစိုးရအဖွဲ့က ရေးဆွဲပြီး တင်ပြလာတဲ့ အဲဒီ အစိုးရ အဖွဲ့ဆိုင်ရာ လစာ၊ အဆောင်အယောင် ဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေးရုံ သာ ပြုလုပ်နိုင်ပြီး လျော့ချ တာ၊ ဖြတ်တောက်တာ၊ သဘောမတူတာ ဘာမှ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သမ္မတရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီဘူး ဆိုတာကိုတော့ သူရ ဦးရွှေမန်းက ထောက်ပြပြီး လာမယ့် လွှတ်တော် အစည်းအဝေးကျရင် ဖြေရှင်းဖို့ သတိပေးလိုက်ပါသေးတယ်။

လွှတ်တော်တွေနဲ့ ပတ်သက်တဲ့ နောက်ထပ် သတင်းထူးတခုကတော့ ဧရာဝတီတိုင်း ငပုတော မြို့နယ် မှာ ဖြစ်ခဲ့ပါတယ်။ အဲဒီ ငပုတောမြို့နယ်က တိုင်း အမတ် ဦးအေးကြည်ဟာ တိုင်းလွှတ်တော် အစည်းအဝေးမှာ သူတို့မြို့နယ်က လ၀က အရာရှိတွေ လာဘ်စားတဲ့ ကိစ္စ မေးခွန်းအဖြစ် တင်ပါတယ်။ ဒီမေးခွန်းကို ဖြေပေးဖို့ လွှတ်တော်က လ၀က ၀န်ကြီး ဌာနကို အကြောင်းကြားပါတယ်။ ဒါကို ကိုယ့်ဘာသာကိုယ် စုံစမ်းပြီး ဖြေဆိုတာမျိုး မလုပ်ပဲ အမတ်ဦးအေးကြည်ကို ငပုတောမြို့နယ် လ၀က ရုံးမှာ ခေါ်ယူစစ်ဆေးပါတယ်။ ဒီအတွက် ဦးအေးကြည်ကလည်း လွှတ်တော်မှာ ပြန်တင်ပြတဲ့အတွက် ခေါ်ယူစစ်ဆေးတဲ့ လ၀က လက်ထောက် ညွှန်မှူး ဦးအောင်ဌေးအောင် နဲ့ အရာရှိ ၃ ဦးကို ဧရာဝတီတိုင်း လွှတ်တော်က တရားစွဲဆိုတဲ့ အမှု ဖြစ်လာပါတယ်။ ဒါဟာ လွှတ်တော် အမတ်တယောက် ကို စော်ကားတယ်။ ဂုဏ်သရေပျက်အောင် လုပ်တယ်ဆိုပြီး ပထမ ဦးဆုံး တရားစွဲဆိုတဲ့ အမှုပါ။

နောက်သတင်းတခုကလည်း စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့ အပတ်က လယ်/ဆည်ဝန်ကြီး ဒု – ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ကို ရန်ကုန်အခြေစိုက် Hot News ဂျာနယ်က အင်တာဗျူး လုပ်ပါတယ်။ အဲဒီမှာ ဦးမြင့်လှိုင်က လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ကို ပယ်ပယ် နယ်နယ် စကားလုံးကြမ်းကြမ်းနဲ့ ဝေဖန်ပါတယ်။ အင်တာဗျူးမှာ သူပြောတဲ့ စကားလုံးတွေ ကို ကြည့်ပါ။ မြစ်ရေတင် စီမံကိန်းတွေ အရှုံးပေါ်နေတာနဲ့ ပတ်သက်ပြီး သူက “၁ ဧကကို သိန်းဘယ်လောက် ကုန်တယ်။ လယ် ၁ ဧကထဲကို ရေရောက်ဖို့ ဘယ်လောက်ကုန်တယ် ဆိုတာကို အဲဒီ ဈေးတွက်နည်းနဲ့ တွက်တာက သက်သက် အပြစ်တင်ဖို့ ဝေဖန်တာပါပဲ။ ဒါဦးနှောက်မရှိတာပေါ့။ ရှိရဲ့သားနဲ့ သက်သက် Negative ဆန်တာပေါ့။” လို့ပြောပါတယ်။

အရှုံးများတဲ့ စက်ရုံတွေ ဆောက်တာနဲ့ ပတ်သက်လို့ လွှတ်တော်က ဝေဖန်တာကို သူက “အဲဒီလိုဝေဖန်တဲ့ သူတွေက တအား မိုက်ရိုင်းလွန်း အားကြီးတာပေါ့။ မိုက်ရိုင်းတာ မခံနိုင် လို့ ရှင်းပြ ရတာပါ။” ဆိုတဲ့ စကားလုံးပါ ပါတယ်။

လွှတ်တော်အမတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း “ဒေသ အသီးသီးက လွှတ်တော် ကိုယ်စားလှယ် ဆိုပြီးရောက်လာတဲ့ လူက စာမှ မတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ် ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများ ခလုပ်နှိပ်ဆို နှိပ်တယ်။ သူတို့ ဘာမှ မသိတာ။ ဘာတွေပြောနေလဲ သူတို့ နားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ၊” ဆိုပြီး ခပ်ကြမ်းကြမ်း ဝေဖန်ပါတယ်။ ခုတော့ ဦးမြင့်လှိုင်အနေနဲ့ လွှတ်တော်ကို မီဒီယာ အသီးသီးကနေ ၀န်ချတောင်းပန်တာတွေ လုပ်လာအောင် အရေးဆိုဖို့ အမတ်တွေ လူစုနေကြပါပြီး။

တချို့ကလည်း တရားစွဲမယ် ဆိုပြီး ပြင်နေကြပါပြီ။ ဘယ်လို ဖြစ်လာမယ် ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနဲ့ သူ့ရဲ့ သြဇာအာဏာ ကို ချဲ့ထွင်လာတဲ့ အခါ အမတ်တွေကလည်း အစိုးရအဖွဲ့အပေါ် သြဇာညောင်း ဖို့ ကြိုးစားလာတဲ့အခါ အစိုးရအဖွဲ့ဝင် သမ္မတနဲ့ ၀န်ကြီးတွေက မခံမရပ်နိုင် ပြောဆိုကြရင်း ခုလို ပြသနာတွေ တက်လာတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် လွှတ်တော်အစည်းဝေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲ ရောက်လာမှာမို့ အခြေအနေကို ဆက်လက် စောင့်ကြည့်ရဦး မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုင်းကျော် (DVB) 
Ref: MNN

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes