Thursday 29 March 2012

 အချိန်လွန်မှ ရောက်လာသော ကြိုတင်ဆန္ဒမဲများဖြင့် ရွေးကောက်ပွဲကို အနိုင်ယူ၍ ရနိုင်မည်မဟုတ်ကြောင်း သိရ ကြိုတင်ဆန္ဒမဲကို မသမာသောနည်းဖြင့် အခြားသူအားပေးပါက ထောင်ဒဏ်ပါ ချမှတ်ခံရမည်

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲများအား စစ်ဆေးနေသည်ကို တွေ့ရစဉ်
အချိန်လွန်မှ ရောက်လာသော ကြိုတင်ဆန္ဒမဲများဖြင့် ရွေးကောက်ပွဲကို အနိုင်ယူ၍ ရနိုင်မည်မဟုတ်ကြောင်းနှင့် ကြိုတင်ဆန္ဒမဲကို မသမာသောနည်းဖြင့် အခြားသူအားပေးပါက ထောင်ဒဏ်ပါ ချမှတ်ခံရမည်ဖြစ်ကြောင်း တရားဝင် ပြဋ္ဌာန်းထားချက်များအရ သိရသည်။

သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို ထည့်သွင်းရေတွက်ခြင်း မပြုရကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၇၁ အရ သိရသည်။

ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအား ပေးခြင်းနှင့် သူတစ်ပါးအယောင်ဆောင်၍  ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်ကို လာရောက် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်းတို့ ကိုကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ အရ သိရသည်။

ထို့ပြင် အတု ပြုလုပ်ထားသော ဆန္ဒမဲလက်မှတ် တစ်ခုခုကိုဖြစ်စေ အများကိုဖြစ်စေ မဲပုံးအတွင်းသို့ ထည့်သွင်းခြင်း၊ မဲစာရင်းကိုသော်လည်းကောင်း ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်ကို သော် လည်းကောင်း ပေးပို့ရာတွင် အသုံးပြုသော စာအိတ် သို့မဟုတ် အထုပ်ကို  တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း၊ ရေးသားထားချက်များကို ဖတ်ရှု၍ မရစေရန် ပြုလုပ်ခြင်းတို့ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရှိရသည်။

မဲရုံတွင် ရေတွက်သော ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြစ်လျှင် မဲရုံမှူးကလည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ရေတွက်သော ကြိုတင်ဆန္ဒမဲလက်မှတ် ဖြစ်လျှင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲက လည်းကောင်း ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်တစ်ခု ခိုင်လုံမှု ရှိ၊ မရှိကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာ ၀န်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်ဖြစ်ကြောင်း၊ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ(၁၃) နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ယင်းပုံစံ ၁၃ များတွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကို သိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်ဖြစ်ကာ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ( ၁၃)ပါ ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည် များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည်ဟု သိရသည်။

ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကို ကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ မဲရုံမှူးက သင့်လျော် သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့်ကွက်မဲစာရင်း ပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲလက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည် ဟု ပြဋ္ဌာန်းထားသည်။

ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်ဖြစ်ပြီး စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ် စေရမည်ဖြစ်ကာ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင် ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့် မပြုရကြောင်း သိရသည်။ 
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes