Thursday 29 March 2012

အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းအား စတင်ရေးဆွဲနေ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းအား ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

''ကျွန်တော်တို့ လူ့အခွင့်အရေး ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့တာကလည်း တကယ်တော့ နိုင်ငံတော်သမ္မတက အပ်နှင်းခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေတော့ ရှိပါတယ်။ ပါရီအခြေခံမူရဲ့ အကောင်းဆုံး နည်းလမ်း ကတော့ ဖွဲ့စည်းပုံအခြေခံထဲမှာ ထည့်သွင်း ရေးဆွဲရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ မထည့်သွင်းနိုင်ခဲ့ပါဘူး၊ ဒါကြောင့် သမ္မတရဲ့အမိန့်နဲ့ပဲ တည်ထောင်ခဲ့ရတာပါ။ အခုသမ္မကြီးက အက်ဥပဒေ ရေးဆွဲခိုင်းပါတယ်။ ဒါပေမယ့် အခုဆွဲမယ့် အက်ဥပဒေထဲမှာပါတဲ့ အချက်တွေက အခုကျွန်တော်တို့ လုပ်နေတာတွေနဲ့ အခြေခံအားဖြင့် အတူတူ ပါပဲ။ အခု ဥပဒေသစ် ရေးဆွဲရင်လည်း ပါရီအခြေခံမူအတိုင်းပဲ ရေးဆွဲသွားမှာပါ" ဟု အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ဆိုသည်။ 

''ပြည်ထောင်စု လွတ်တော်မှာ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်ကို ဖြတ်တောက်ဖို့ အဆိုတင်သွင်းဖို့ ရှိတယ်ဆိုပြီး လာရောက် ရှင်းလင်းပါဆိုလို့ သွားတော့ ဖွဲ့စည်းမှုက ဥပဒေနဲ့မညီဘူးလို့ ပြောပါတယ်။ 

ပါရီအခြေခံမူအရတော့ ကော်မရှင်အတွက် လုံလောက်တဲ့ငွေကို နိုင်ငံတော်အစိုးရက ပံ့ပိုးပေးရမယ်ဆိုတာ ရှိပါတယ်။ ဒီလို ပံ့ပိုးရပေမယ့်ကော်မရှင်ရဲ့ လွတ်လပ်တဲ့ ဆောင်ရွက်ချက်ကို မထိခိုက်စေရလို့လည်း ဆိုထားပါတယ်။ အခု အာဆီယံနိုင်ငံ ထဲက ကျန်တဲ့ လေးနိုင်ငံမှာလည်း အစိုးရကပဲ ထောက်ပံရပါတယ်။ ဒါကြောင့် ဘတ်ဂျက်ကို ကော်မရှင်ကို စတင်ဖွဲစည်းခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ကနေ ယခု မတ်လကုန်အထိ သမ္မတရုံးကနေ လစဉ် နည်းနည်းခြင်း ပံ့ပိုးပေးပါတယ်။  ၂၀၁၂- ၂၀၁၃ မှာတော့ ဘတ်ဂျက်နဲ့ သွားရမယ်ဆိုတော့ ကာလတစ်ခု အနေနဲ့တွက်ပြီး ခေါင်းစဉ်တစ်ခုအနေနဲ့ တင်ခဲ့တယ်။ 

ဒီလို တင်တဲ့အခါ ကျွန် တော်တို့အနေအထားက ဗဟို အဖွဲ့အစည်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်မှ ဘတ်ဂျက်ရမယ် ဆိုပါတယ်။ နောက်တော့ အဖွဲ့အစည်း ဖွဲ့မယ်ဆိုရင် လွှတ်တော်ရဲ့ အတည်ပြုချက် လိုတယ်ဆိုပြီး ထောက်ပြတယ်။ ဒါကြောင့် ဗဟိုအဖွဲ့က နုတ်ထွက် လိုက်ရတယ်။ ဒီတော့ ဘတ်ဂျက်လည်း ပယ်ဖျက်ပြီးသား ဖြစ်သွားပါတယ်''ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပြခဲ့သည်။

သို့သော် ကော်မရှင်မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ ဘတ်ဂျက် ပြုတ်သွားပြီး ဗဟိုအဖွဲအစည်း မဟုတ်သော်လည်း သမ္မတက ဖွဲ့စည်းပေးနိုင်၍ ဖွဲ့စည်းပေးထားသည့် အဖွဲ့ဖြစ်သဖြင့် ပြည်သူ့အတွက် ဆက်လက်လုပ်ဆောင်မည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
  Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes