Monday 26 March 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် စည်းရုံးရေးခရီးစဉ်များ ဖျက်သိမ်း

20120325 NLD Announcement


 
မြိတ်မြို့ကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လတ်တလော ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၂ မတ်လ ၂၅ ရက်နေ့ မြိတ်ကျွန်းစုများသို့ သွားရောက်မယ့် ခရီးစဉ်များအား ဖျက်သိမ်းခဲ့သလို မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့များတွင် သွားရောက်မယ့် မကွေးတိုင်း ခရီးစဉ်များကိုလည်း ဖျက်သိမ်းလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့က ၂၀၁၂ မတ်လ ၂၅ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ ဗဟို အောင်နိုင်ရေးအဖွဲ့ရဲ့ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းရဲ့ အကြံပြုချက်အရ ထိုသို့ ခရီးစဉ် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဖျက်သိမ်းခဲ့ရခြင်းအတွက်မကွေး၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီးနဲ့ နတ်မောက်မြို့နယ်များက
 ပြည်သူလူထုအား အနူးအညွတ် တောင်းပန်အပ်ပါကြောင်း ဖော်ပြထားပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်မြို့မှ ရန်ကုန်မြို့သို့ Air Mandalay လေယာဉ်နဲ့ ပြန်လည် ထွက်ခွာခဲ့ရာ ၂၀၁၂ မတ်လ၂၅ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်မြို့ကို ချောမောစွာ ပြန်လည်
 ရောက်ရှိခဲ့ပါတယ်။ အသက် ၆၆ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်များအဖြစ် မြန်မာပြည်အနှံ့ကို ခရီးထွက်ခွာလျက် ရှိရာ မတ်လ ၃ ရက်နေ့ မန္တလေးခရီးစဉ်တွင် မိုးမိကာ ခရီးပန်းတဲ့အတွက် နေထိုင်မကောင်း ဖြစ်ခဲ့သလို မတ်လ ၂၄ ရက်နေ့ မြိတ်ကျွန်းစုများသို့ သွားရောက်တဲ့ ခရီးစဉ်မှာလည်း စက်လှေက သောင်တင်ကာ ခရီးပန်းပြီး နေထိုင်မကောင်း ဖြစ်ခဲ့ပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ကျွန်းစုခရီးစဉ်အတွင်း ရှပ်ပြေးယာဉ် ငှားရမ်းဖို့ စီစဉ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အသုံးပြုမယ်ဆို အခမဲ ငှားရမ်းမယ့် ရှပ်ပြေးယာဉ်ပိုင်ရှင်များ ရှိခဲ့သော်လည်း အာဏာပိုင်များက ထိုသို့ ငှားရမ်းခြင်း မပြုရန် ပိတ်ပင်ခဲ့ပါတယ်။ 
 
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်လှေနဲ့ မြိတ်ကျွန်းစုခရီးစဉ်ကို ထွက်ခွာခဲ့ရာ အပြန်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာတဲ့ စက်လှေနဲ့ အခြား စက်လှေ နှစ်စီးတို့ဟာ ပန်းဇင်ကျေးရွာအနီး၌ ညနေ ၅ နာရီမှ ည ၈ နာရီအထိ သောင်တင်နေခဲ့ပါတယ်။ ထိုသို့ ဖြစ်ပျက်ခြင်းနဲ့ ပတ်သက်ပြီး ဒေသခံများက ရှပ်ပြေးယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် သောင်တင်မှာ မဟုတ်သလို သက်တောင့်သက်သာ ခရီးသွားနိုင်ကြောင်း၊ စက်လှေနဲ့ ခရီးသွားရတဲ့အတွက် ခရီးပန်း၊ အချိန်ကြာသလို ရေကျချိန်တွင် ဖြစ်တတ်တဲ့ သောင်တင်မှုကိုလည်း ကြုံတွေ့ရလေ့ရှိကြောင်း၊ ဒေသတွင်း စက်လှေများအဖို့ ထိုသို့ သောင်တင်လေ့ရှိကြောင်း ပြောဆိုကြပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်ဟာ မရပ်မနား ခရီးသွားနေရတဲ့အတွက် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ် ခံရခြင်း၊ သွေးပေါင်ကျခြင်းများ ဖြစ်ပွားကာ အခုလို ကျန်းမာရေး ထိခိုက်တာ ဖြစ်ကြောင်း၊ အခုလို ကျန်းမာရေးအတွက် စိုးရိမ်ဘွယ်ရှိတဲ့ အခြေအနေထဲမှာပင် မြိတ်မြို့မှ ရန်ကုန်မြို့ကို မထွက်ခွာခင် မြိတ်မြို့ဘော်လုံးကွင်းအနီး၌ လူထုနဲ့ တွေ့ဆုံကာ မိနစ်အတန်ကြာ မိန့်ခွန်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်း ခရီးစဉ်ကို ဖျက်သိမ်းလိုက်သော်လည်း ထိုခရီးစဉ်နဲ့အတူ စီစဉ်ထားတဲ့ အနုပညာသမားများရဲ့ ဖျော်ဖြေမှုခရီးစဉ်များကိုတော့ မူလအတိုင်း ကျင်းပရန် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၇ နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များနဲ့ အားပေးထောက်ခံသူများက မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိရန် ကြိုးပမ်းလျက် ရှိပါတယ်။ 
 
ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မယ့် မဲဆန္ဒနယ်များအနက် ကချင်ပြည်နယ်က ဖားကန့်၊ မိုးကောင်း၊ ဗန်းမော် မဲဆန္ဒနယ်များကို လုံခြုံရေးအရ ရွေးကောက်ပွဲ ပြုလုပ်ဦးမှာ မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၃ ရက် (သောကြာနေ့) တွင် ကြေညာခဲ့ပါတယ်။ သို့သော် ဘယ်နေ့ ပြန်လည် ကျင်းပမယ်ဆိုတာကိုတော့ ပြောထားခြင်းမရှိသေးပါဘူး။ 
 
 ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆက်တိုက်ဆိုသလို ခရီးထွက်ခြင်း၊ နိုင်ငံခြားသံတမန်များနဲ့
 တွေ့ဆုံခြင်း၊ ပါတီလုပ်ငန်း ဆောင်တာများ ဆောင်ရွက်နေခြင်းများကြောင့် ကျန်းမာရေးကို ဂရုစိုက်စေလိုကြောင်း၊ မြန်မာနိုင်ငံအနာဂတ် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်သူဟာ  ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ မြန်မာပြည်သူများက ယုံကြည် ကိုးစားနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးဟာ မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာက ဒီမိုကရေစီ လှုပ်ရှားနေသူများအားလုံးအတွက် အရေးကြီးကိစ္စတခု ဖြစ်ကြောင်း မိတ်ဆွေတဦးက သူ့အမြင်ကို ပြောပြပါတယ်။ 
 
 မြင့်လှိုင်
Ref: BurmaToday

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes